ဂါဇာတောင်ပိုင်းကို အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဇွန်လ ၁ ရက်က ပါလက်စတိုင်း ၃၀ ကျော်သေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ပြောကြားထားတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အစ္စရေးစစ်တပ်က အစားအစာ အကူအညီတွေ ရယူဖို့ ရောက်ရှိလာတဲ့ လူအများအပြားကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ အရပ်သားတွေ ဒါမှမဟုတ် အစားအစာအကူအညီတွေ ရယူဖို့ ရောက်ရှိလာတဲ့လူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ဖြေရှင်းပြောကြားထားပါတယ်။ရာဖာရှိ အစားအသောက် အကူအညီဖြန့်ဖြူးရေး ဧရိယာကို စုရုံးရောက်ရှိလာတဲ့ ပါလက်စတိုင်းတွေကိုလည်း အစ္စရေးဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

တစ်ဖက်မှာလည်း အမေရိကန် အထူးသံတမန် စတိဗ်ဝစ်အော့ဖ်က ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး၊ ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးရေးအတွက် ဂါဇာမှာ ကျန်ရှိနေတဲ့ ဓားစားခံ ၁၈ ယောက်နဲ့ သေဆုံးဓားစာခံ ၁၈ ယောက်တို့ကို အဆင့်နှစ်ဆင့်နဲ့ လွှဲပြောင်းပေးဖို့တွေ အဆိုပြုချက် တင်သွင်းထားပါတယ်။ ဒီအဆိုပြုချက်ကို အစ္စရေးဘက်က သဘောတူပြီးနောက် မကြာခင်မှာပဲ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။