သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ ဂျီနင်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတကာသံတမန်အဖွဲ့အနီးမှာ အစ္စရေးစစ်တပ်က သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံအများအပြားက အစ္စရေးကို ရှုတ်ချမှုတွေ ပြုလုပ်နေပါတယ်။

ဗြိတိန်၊ အီဂျစ်၊ ဂျော်ဒန်၊ စပိန်နဲ့ အိုင်ယာလန်အပါအဝင် နိုင်ငံအများအပြားက သံတမန် ၂၅ ယောက်ခန့် ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို အကဲဖြတ်ဖို့ မေလ ၂၁ ရက်မှာ အနောက်ဘက်ကမ်းကို ရောက်ရှိခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် နိုင်ငံတကာ ကိုယ်စားလှယ်တွေ အထိတ်တလန့်ဖြစ်ခဲ့ပြီး ချက်ချင်းဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။အစ္စရေးစစ်တပ်ကတော့ သံတမန်တွေဟာ သတ်မှတ်ထားတဲ့ နေရာတွေကို ကျော်လွန်ပြီး သွားရောက်ဖို့လုပ်တဲ့ အတွက် သတိပေးတဲ့အနေနဲ့ လေထဲကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးဖို့နဲ့ ဖြေရှင်းချက်ပေးဖို့ အစ္စရေးသံအမတ်တွေကို ဆင့်ခေါ်မယ်လို့ သက်ဆိုင်ရာ နိုင်ငံတွေက ပြောထားပါတယ်။ ပါလက်စတိုင်းအာဏာပိုင်(PA)ကတော့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဟာ ကိုယ်စား လှယ်အဖွဲ့ကို တမင်ပစ်မှတ်ထားပြီး လုပ်ခဲ့တာလို့ စွပ်စွဲပါတယ်။EU ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက သံတမန်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးကို လက်မခံ နိုင်ဘူးလို့ ပြောထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပြောထားပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒီလိုအဆင်မပြေဖြစ်ရတဲ့အတွက် စိတ်မကောင်းကြောင်း ထုတ်ပြန်ထားပါတယ်။