ဂါဇာကမ်းမြောင်ကို အစ္စရေးက ထိုးစစ်အသစ် စလုပ်မယ်ဆိုရင် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါတို့က အစ္စရေးကို သတိပေးလိုက်ပါတယ်။ ဂါဇာမှာ စစ်ရေးအရ ထိုးစစ်တွေကို ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုဝင်ရောက်ခွင့်ပေးဖို့ ဒီနိုင်ငံ ၃ နိုင်ငံက မေလ ၁၉ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး သတိပေးလိုက်တာပါ။

အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ ဂါဇာကမ်းမြောင်ကို စစ်ဆင်ရေးအသစ် စတင်ကြောင်း ကြေညာခဲ့ ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုကလည်း အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်တစ်ခုလုံးကို ထိန်းချုပ် သွားမယ်လို့ မေလ ၁၉ ရက် မနက်အစောပိုင်းမှာ ပြောကြားခဲ့တာပါ။ ဒီအတွက် ကနေဒါဝန်ကြီးချုပ် မက်ကာနေး၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က ကြေညာချက်ထုတ်ပြန်ပြီး အစ္စရေးကို သတိပေးလိုက်တာဖြစ်ပါတယ်။အရပ်သားလူထုအတွက် မရှိမဖြစ်လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အစ္စရေးအစိုးရရဲ့ ငြင်းဆိုမှုဟာ လက်ခံနိုင်စရာမရှိသလို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်မယ့် အန္တရာယ်ရှိတယ်လို့ ဒီပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အနောက်ဘက်ကမ်းဒေသမှာ အခြေချ နေထိုင်မှုတွေကို တိုးချဲ့ဖို့ ကြိုးပမ်းမှုမှန်သမျှကိုလည်း ကန့်ကွက်ကြောင်း ကြေညာချက်မှာ ထည့်သွင်းပြောကြား ခဲ့ပြီး ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအဝင် နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့ အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို မိမိတို့အနေနဲ့ အမြဲထောက်ခံပေမယ့် မစ္စတာနေတန်ရာဟုရဲ့အစိုးရကတော့ ဂါဇာမှာ ဆိုးရွားတဲ့လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ ဒီနိုင်ငံ ၃ နိုင်ငံက ပြောကြားလိုက်ပါတယ်။