အီရန်ကို မလိုအပ်ဘဲ ခရီးသွားလာတာ မပြုလုပ်ဖို့ အိန္ဒိယနိုင်ငံသားတွေကို အီရန်ဆိုင်ရာ အိန္ဒိယသံရုံးက ခရီးသွားအကြံပြုချက်တစ်ခု ထုတ်ပြန်ထားတယ်လို့ NDTV သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

အိန္ဒိယသံရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်မှာ သံရုံးရဲ့ လူမှုကွန်ရက် X စာမျက်နှာကတစ်ဆင့် ကြေညာထားတာပါ။ဒေသတွင်းနောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်ကြဖို့နဲ့ အိန္ဒိယအာဏာပိုင်တွေရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အကြံပြုချက်တွေကို လိုက်နာကြဖို့လည်း အိန္ဒိယသံရုံးက တိုက်တွန်းထားပါတယ်။အီရန်မှာ ရောက်ရှိနေပြီး အိမ်ပြန်ချင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေအတွက်လည်း ကုန်သွယ်ရေးလေယာဉ်နဲ့ ကြိုပို့ လေယာဉ်တွေ စီစဉ်ပေးထားတယ်လို့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက အစ္စရေးနဲ့ အီရန်ကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားထားတဲ့အတွက် နောက်ဆက်တွဲ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့ အပေါ် စိုးရိမ်မှု ရှိနေကြတာပါ။ ဒီအတွက် အိန္ဒိယသံရုံးက သူ့နိုင်ငံသားတွေကို အခုလို ခရီးသွားသတိပေးချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က စတင်ခဲ့တဲ့ အစ္စရေး-အီရန် ၁၂ ရက်ကြာ စစ်ပွဲဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြေညာချက်နဲ့အတူ ဇွန်လ ၂၄ ရက်နေ့မှာ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။