အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် အပြန်အလှန်လေးစားမှုနဲ့ နားလည်မှုအပေါ် မူတည်ပြီး ဆက်လက်ပူးပေါင်းသွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးချုပ် မိုဟာမက်ယူနွတ်က အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီထံ ပေးပို့တဲ့စာမှာ ရေးသားထားတာကို India Today သတင်းမှာ ဖော်ပြပါရှိပါတယ်။

မိုဒီက ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ အကြံပေးချုပ်ဆီကို Eid-ul-Adha နေ့အတွက် ဆုတောင်းနှုတ်ဆက်စကား ပေးပို့ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ယူနွတ်က အဲဒီစာကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ယူနွတ်က အိန္ဒိယဝန်ကြီးချုပ်နဲ့ အိန္ဒိယပြည်သူတွေကိုလည်း ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ပြီး အပြန်အလှန် လေးစားမှုနဲ့နားလည်မှုက နှစ်နိုင်ငံပြည်သူတွေရဲ့အကျိုးစီးပွားအတွက် အတူတကွ လုပ်ဆောင်ဖို့ လမ်းပြပေးမှာကို ယုံကြည်တယ်လို့ ပြောကြားခဲ့ပါတယ်။ဇွန်လ ၄ ရက်က ရေးသားခဲ့တဲ့စာမှာ Eid-ul-Adha ပွဲတော်ဟာ စည်းလုံးညီညွတ်တဲ့ကမ္ဘာတစ်ခုကို တည်ဆောက် ရာမှာ မဖြစ်မနေလိုအပ်တဲ့ စွန့်လွှတ်နိုင်မှု၊ စာနာရိုင်းပင်းမှုနဲ့ ညီအစ်ကိုမောင်နှမစိတ်ဓာတ်လို ထာဝရတန်ဖိုးရှိမှု တွေကို သတိပေးနေတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ၂၀၂၄ ခုနှစ်သြဂုတ်လမှာ ရှိက်ခ်ဟာစီနာကို အာဏာက ယာယီဖယ်ရှားချိန်ကစပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ ဇွန်လ ၈ ရက်က ဝန်ကြီးချုပ်မိုဒီနဲ့ အကြံပေးချုပ် မိုဟာမက် ယူနွတ်တို့အကြား ပေးပို့ခဲ့တဲ့ Eid-ul-Adha ဆုမွန်ကောင်းက အခုအချိန်ထိ တင်းမာနေတဲ့ ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့အတွက် စတင်မှုတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။