အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ လာမဲ့သြဂုတ် ၃၁ ရက်မှာစတင်မဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ညီလာခံ အတွက် တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အစိုးရရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြား ခဲ့ပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘာမှတုံ့ပြန်ဖြေကြားထားတာမျိုး မရှိသေးပါဘူး။ဒါဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိန္ဒိယကနေ တင်သွင်းတဲ့ပစ္စည်းတွေအပေါ် အာရှနိုင်ငံတွေထဲမှာ အမြင့်ဆုံး အခွန်ချမှတ်လိုက်ပြီး ရုရှားရေနံကို နယူးဒေလီက ဝယ်ယူမှုကြောင့် ထပ်မံပြစ်ဒဏ်ချမယ်လို့ ပြောကြား ခဲ့တဲ့အတွက် အိန္ဒိယနဲ့ အမေရိကန်ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်မှာ ဖြစ်လာမဲ့ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်က ဟိမဝန္တာဒေသရှိ အငြင်းပွားနယ်နိမိတ်အတွင်း တပ်မတော်တွေကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် တရုတ်-အိန္ဒိယဆက်ဆံရေး ပြင်းပြင်းထန်ထန် ဆိုးရွားလာခဲ့ပြီး မိုဒီရဲ့ဒီခရီးစဉ်ဟာ ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။