အိန္ဒိယနည်းပညာတက္ကသိုလ်(IIT) ကန်ပူးရ် သုတေသနအဖွဲ့တစ်ခုဟာ ဟာယာနာပြည်နယ်၊ ယာမူနာနာဂါ ဒေသ မှာ ရှေးဟောင်းဗုဒ္ဓစေတီတွေနဲ့ အဆောက်အအုံ အကြွင်းအကျန်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ Times of India သတင်းမှာ ဖော်ပြပါရှိပါတယ်။မြေအောက်မှာ ဖုံးအုပ်နေတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ ကြီးမားတဲ့ သမိုင်း ဆိုင်ရာ ရှာဖွေတွေ့ရှိမှု ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားပါတယ်။

သုတေသနအဖွဲ့ဟာ နည်းပညာမြင့် မြေအောက်ရေဒါစနစ်ကို အသုံးပြုပြီး မြေအောက်အနက် ၆ ပေကနေ ၇ ပေ လောက်မှာ ရှိနေတဲ့ စက်ဝိုင်းပုံ ရှေးဟောင်းအဆောက်အအုံတွေနဲ့ ရှေးဟောင်းနံရံတွေကို တွေ့ရှိခဲ့တာပါ။ဒါဟာ နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ ဗုဒ္ဓသမိုင်းဝင်နေရာတစ်ခု ဖြစ်နိုင်ခြေရှိကြောင်း ညွှန်ပြနေပါတယ်။ဒီသုတေသနကို ဟာယာနာပြည်နယ် ရှေးဟောင်းသုတေသနအဖွဲ့ရဲ့ အမိန့်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီးတိုပရာကာလန် ဒေသအပါအဝင် အခြားရွာတွေမှာလည်း သမိုင်းဝင်အဆောက်အအုံတွေ ရှိနေနိုင်တဲ့အတွက် စူးစမ်းလေ့လာမှုတွေ ဆက်လက်လုပ်နေကြပါတယ်။