အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ စက်တင်ဘာလထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ သူဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်ကို သွားရောက်မှာဖြစ်ပြီး အဲဒီခရီးစဉ် အတောအတွင်း ထရမ့်နဲ့ လူချင်းတွေ့ဖို့ ဖြစ်နိုင်ခြေတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နှစ်ဖက် အစိုးရတွေကြားမှာ အဲဒီဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် နောက်ကွယ်မှာ ညှိနေကြတယ်လို့လည်း ဆိုပါတယ်။ ထရမ့်ရဲ့ အခွန်စည်းကြပ်မှု မူဝါဒတွေကြောင့် အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေအတွင်း အနိမ့် ကျဆုံး အခြေအနေမျိုးကို ရောက်နေတာပါ။ ထရမ့်ဟာ အမေရိကန်ကို တင်သွင်းတဲ့ အိန္ဒိယ ကုန်စည်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ထားတဲ့အပြင် ရုရှားဆီက ရေနံကို အိန္ဒိယက ဆက်လက် ဝယ်ယူနေတာကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ အပိုဆောင်း အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်ဟာ အိန္ဒိယအပေါ် အခွန် စုစုပေါင်း ၅၀ ရာခိုင်နှုန်း စည်းကြပ်တဲ့သဘော ဖြစ်လာပြီး အမေရိ ကန်ရဲ့ ကုန်သွယ်ဖက်တွေထဲမှာ အခွန်နှုန်း အမြင့်ဆုံး ပေးဆောင်ရမယ့် နိုင်ငံတစ်ခုအဖြစ် အိန္ဒိယကို စာရင်းဝင် သွားစေပါတယ်။ မိုဒီဟာ ဩဂုတ်လကုန်ပိုင်းမှာလည်း တရုတ်နိုင်ငံကို သွားရောက်ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာ ခံကို တက်ရောက်မှာပါ။ ဒါဟာ သူ့ရဲ့ ၇ နှစ်တာကာလအတွင်း ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်လာမယ် လို့ သိရပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့ဟာ နယ်စပ်အငြင်းအခုံကိစ္စတွေ အပါအဝင် ဆက်ဆံရေး တင်းမာမှုတွေ ရှိနေခဲ့ပေမဲ့ ထရမ့်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားတွေကို နှစ်နိုင်ငံလုံး ကြုံတွေ့လာတဲ့နောက် သဘောထား ကွဲလွဲမှုတွေကို ပြင်ဆင်ဖို့ နှစ်ဖက်စလုံးက လိုလိုလားလား အားထုတ်လာနေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။