Google Maps လမ်းညွှန်ချက်အတိုင်း သွားလာရင်း ဆောက်လုပ်မှု မပြီးဆုံးသေးတဲ့ တံတားပေါ်ကနေ ကားပြုတ် ကျပြီး အမျိုးသားသုံးယောက် သေဆုံးခဲ့မှုအတွက် အိန္ဒိယအာဏာပိုင်တွေရဲ့ စုံစမ်းမှုကို ကူညီဆောင်ရွက်ပေးနေ တယ်လို့ Google က ပြောဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ် ပြည်နယ်မှာကျင်းပတဲ့ မင်္ဂလာပွဲတစ်ပွဲကို ကားတစ်စီးနဲ့ လူတစ်စုသွားရောက်ရာမှာ မပြီးဆုံးသေးတဲ့တံတားကနေ ရမ်ဂန်ဂါမြစ်ထဲကို ကားပြုတ်ကျခဲ့တာပါ။
ယာဉ်မောင်းဟာ Google Maps က လမ်းကြောင်းအတိုင်း လိုက်ပါသွားခဲ့တာလို့ ရဲအရာရှိတွေကို ကိုးကားပြီး ဟင်ဒူစတန်သတင်းစာက အင်္ဂါနေ့မှာ ရေးသားခဲ့ပါတယ်။ Google Maps က အရာရှိတစ်ယောက်နဲ့ အစိုးရ ဆောက်လုပ်ရေးဌာနက အရာရှိတစ်ယောက်ကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့တယ်လို့ ပီတီအိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကျန်ရစ်သူ မိသားစုတွေအတွက် အလေးအနက်ထား စာနာမိပြီး ပြဿနာကို စုံစမ်းစစ်ဆေးဖို့ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း Google က ပြောဆိုထားပါတယ်။
ဒီတံတားဟာ ပြီးခဲ့တဲ့နှစ်က ရေလွှမ်းမိုးမှုအတွင်း တံတားတစ်ဝက် ပျက်စီးခဲ့တာလို့ သိရပါတယ်။ တောင်ပိုင်း ကီရာလာပြည်နယ်မှာလည်း Google Maps လမ်းကြောင်းအတိုင်း လိုက်မောင်းရင်း ပီရီယာမြစ်ထဲ ကားပြုတ်ကျ လို့ ဆရာဝန်နှစ်ယောက် သေဆုံးပြီးနောက် တစ်နှစ်အကြာမှာ အခုမတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။