ဝါရင်ဘတ်ဖတ်ဟာ ဇွန်လ ၂၇ ရက်က Berkshire Hathaway ရှယ်ယာတွေကို ဘီလ်ဂိတ် ထူထောင်ထားတဲ့ Gates Foundation နဲ့ မိသားစုပရဟိတအဖွဲ့လေးခုဆီ ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိတဲ့ ရှယ်ယာတွေကို ထပ်မံ လှူဒါန်းခဲ့ပါတယ်။ ဒါဟာ သူ စတင်လှူဒါန်းခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးကာလအတွင်း အများဆုံး နှစ်စဉ်လှူဒါန်းမှု ဖြစ်ပါတယ်။

Berkshire Class B ရှယ်ယာပေါင်း ၁၂ ဒသမ ၃၆ သန်း (ဒေါ်လာ ၆ ဘီလီယံ)လောက်ရှိတဲ့ ဒီလှူဒါန်းမှုကြောင့် ဘတ်ဖတ်ရဲ့ စုစုပေါင်း လှူဒါန်းငွေဟာ ဒေါ်လာ ဘီလီယံ ၆၀ ကျော်အထိ ရှိလာခဲ့ပါတယ်။သူက Gates Foundation ကို ရှယ်ယာ ၉ ဒသမ ၄၃ သန်း၊ Susan Thompson Buffett Foundation ကို ရှယ်ယာ ၉၄၃,၃၈၄ ခု၊ သူ့ရဲ့သားသမီးတွေဖြစ်ကြတဲ့ ဟောက်ဝဒ်၊ ဆူဇီနဲ့ပီတာတို့ ဦးဆောင်တဲ့ Howard G. Buffett Foundation, Sherwood Foundation နဲ့ NoVo Foundation ပရဟိတအဖွဲ့သုံးခုကို တစ်ခုချင်းစီအတွက် ရှယ်ယာ ၆၆၀,၃၆၆ ခုစီ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဝါရင်ဘတ်ဖတ်ဟာ Berkshire ရဲ့ ရှယ်ယာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းကို လက်ရှိမှာ ပိုင်ဆိုင်ထားဆဲဖြစ်တယ်လို့ အစီရင်ခံထားတဲ့ ရှယ်ယာတွေအပေါ် အခြေခံပြီး သိရပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ လှူဒါန်းမှုတွေ မလုပ်ခင် သူ့ရဲ့ပိုင်ဆိုင်မှု စုစုပေါင်းဟာ ဒေါ်လာ ၁၅၂ ဘီလီယံရှိပြီး ကမ္ဘာပေါ်မှာ ပဉ္စမအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။လှူဒါန်းမှုတွေ လုပ်ပြီးနောက်မှာတော့ ဘတ်ဖတ်ဟာ ဆဋ္ဌမအချမ်းသာဆုံးအဆင့်ကို လျှောကျသွားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇွန်လက ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ လှူဒါန်းခဲ့ဖူးပြီး အခုလှူဒါန်းမှုက အဲဒီပမာဏကို ကျော်လွန် သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း မိသားစုပရဟိတအဖွဲ့တွေကို ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံ ထပ်မံ လှူဒါန်းခဲ့ပါသေးတယ်။



