ရုရှားဘက်ကကြေညာထားတဲ့ ၃ ရက်တာ အပစ်အခတ်ရပ်စဲကာလဟာ မေလ ၈ ရက်မှာ စတင်အသက်ဝင်ပြီ ဖြစ်ကြောင်း စီအန်အေသတင်းမှာ ဖော်ပြထားပါတယ်။ ညပေါင်းများစွာ ရုရှားရဲ့ဒရုန်းတွေ၊ ဒုန်းကျည်တွေနဲ့ တရစပ် တိုက်ခိုက်မှု ကင်းဝေးသွားတဲ့ ယူကရိန်းရဲ့မြို့ကြီးတွေမှာ တိတ်ဆိတ် အေးချမ်းနေပါတယ်။ယူကရိန်း လေတပ်ကတော့ ကရင်မလင်ဘက်က အာမခံထားတဲ့ အပစ်အခတ်ရပ်စဲကာလ အစပိုင်းမှာပဲ ရုရှားလေယာဉ်တွေ ဟာ ယူကရိန်းမြောက်ပိုင်းဒေသကို ပဲ့ထိန်းဗုံးတွေနဲ့ ၃ ကြိမ်ပစ်ခတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကိုအောင်နိုင်ခြင်းနှစ်(၈၀)ပြည့်အခမ်းအနားနဲ့တိုက်ဆိုင်နေတဲ့ရုရှားရဲ့ အပစ် အခတ်ရပ်စဲကာလကို မော်စကို စံတော်ချိန် ညသန်းခေါင်ယံမှာ စတင်ခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်တွေအရ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တခြားခေါင်းဆောင်တွေက မေလ ၉ ရက်မှာ ရင်ပြင်နီက စစ်ရေးပြအခမ်းအနားကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ယူကရိန်းဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကို အတည်ပြုထားတာမရှိဘဲ ဒီတစ်ပတ်အတွင်း မော်စကိုဘက်ကို အောင်မြင်တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆင်နွှဲနိုင်ခဲ့တာကြောင့် ရုရှားမြို့တော်က လေဆိပ်တွေ ပိတ်ထားရပါတယ်။