ရုရှားစစ်ထောက်လှမ်းရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ဟက်ကာတွေက ယူကရိန်းကို အကူအညီပေးရာမှာ ပါဝင် ဆောင်ရွက်နေတဲ့ အနောက်တိုင်းနည်းပညာနဲ့ ပို့ဆောင်ရေးကုမ္ပဏီတွေကို ပစ်မှတ်ထားခဲ့ကြတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) က ပြောကြားခဲ့ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့အစီရင်ခံစာအရ ဟက်ကာတွေက ယူကရိန်းကို ဝင်ရောက်နေတဲ့ အကူအညီအမျိုးအစားတွေနဲ့ သက်ဆိုင်တဲ့အသေးစိတ်အချက်အလက်တွေကို ရရှိဖို့ ကြိုးပမ်းခဲ့ကြပြီး ယူကရိန်း နယ်စပ်အနီးရှိ အင်တာနက်ချိတ်ဆက်ထားတဲ့ ကင်မရာတွေရဲ့ ရုပ်သံထုတ်လွှင့်မှုတွေကို ဝင်ရောက်ဖို့ ကြိုးစား ခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီဆိုက်ဘာလှုပ်ရှားမှုဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံ တော်တော်များများရှိ ကာကွယ်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီတွေ၊ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေနဲ့ ရထားစနစ်တွေကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ တာ ဖြစ်ပါတယ်။ကင်မရာအများစုဟာ ယူကရိန်းအတွင်းမှာတည်ရှိပြီး တချို့ကတော့ ရိုမေးနီးယား၊ ပိုလန်နဲ့ အရှေ့ဥရောပ ဒါမှ မဟုတ် အလယ်ဥရောပရှိနိုင်ငံတွေမှာ တည်ရှိတာပါ။

အာဏာပိုင်တွေက အသေးစိတ် မဖော်ပြခဲ့ပေမဲ့ အဲဒီ လှုပ်ရှားမှုတွေဟာ ရုရှားက ယူကရိန်းကို စစ်ဆင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ တစ်နှစ်တည်းမှာ စတင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။NSA၊ FBI နဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံအချို့က လုံခြုံရေးအေဂျင်စီတွေ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာအရ ရုရှားဟာ ယူကရိန်းကို ပေးပို့တဲ့အကူအညီတွေကို စောင့်ကြည့်ဖော်ထုတ်ဖို့ ကြိုးပမ်းတာတွေ ဆက်လက် လုပ်ဆောင်မှာဖြစ်ပြီး ဒါ့ကြောင့် အကူအညီပေးပို့ရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ သတိထားနေဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။