ရုရှားဟာ ယူကရိန်းရဲ့ မြို့ကြီးလေးမြို့ကို မနေ့က ဇူလိုင် ၁၆ ရက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားက ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ် အပါအဝင် ကရီဗီး ရစ်၊ ဗင်နစ်စယာနဲ့ အိုဒီဆာမြို့တွေကို မောင်းသူမဲ့လေယာဉ် ၄၀၀ လောက်နဲ့ ပဲထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ အများစုကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း အာဏာ ပိုင်တွေက ပြောပါတယ်။ယူကရိန်းသမ္မတ ဇယ်လန်းစကီးကတော့ ရုရှားဟာ သူ့ရဲ့ မဟာဗျူဟာကို ပြောင်းလဲမှာ မဟုတ်ကြောင်းနဲ့ ဒီအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်တန်ပြန်ဖို့ ကာကွယ်ရေးစနစ်တွေ ပိုအားကောင်းဖို့ လိုတယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ ရုရှားကို တိုက်တွန်းနေချိန်မှာ အခုလို တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာပါ။ထရမ့်က ယူကရိန်းကို ပေထရီယတ်လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် လက်နက်တွေ ပေးပို့မယ်လို့ ကြေညာထားပြီး ရုရှားကို နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ဒါဟာ သမ္မတထရမ့် အိမ်ဖြူတော်ကို တစ်ကျော့ပြန်ရောက်လာပြီးနောက် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ရုရှား အပေါ် သူ့ရဲ့ ပထမဆုံးအကြိမ် အပြင်းထန်ဆုံး သဘောထား တင်းမာလာတာ ဖြစ်ပါတယ်။