ယူကရိန်းသမ္မတ ဇယ်လန်းစကီးဟာ သုံးနှစ်ကျော်ကြာပြီဖြစ်တဲ့ စစ်ပွဲအရေး မျက်နှာချင်းဆိုင် ဆွေးနွေးကြဖို့ ရုရှားသမ္မတ ပူတင်ကို တူကီယဲလ်နိုင်ငံမြို့တော် အန်ကာရာမှာ စောင့်နေမှာဖြစ်ကြောင်း မေလ ၁၃ ရက်က ပြောကြားလိုက်တာကို AP သတင်းမှာ ဖော်ပြထားပါတယ်။အမေရိကန်နဲ့ဥရောပခေါင်းဆောင်တွေကလည်း သဘောတူညီချက်ရ ရရှိရေးအတွက် အပြင်းအထန် ဖိအား ပေးနေကြတာဖြစ်ပါတယ်။

ပူတင်ကတော့ ဒီဆွေးနွေးပွဲကို တက်ရောက်မယ်လို့ အတိအကျထုတ်ဖော် ပြောကြား ထားတာ မရှိသေးပါဘူး။အန်ကာရာမှာ တူကီယဲလ်သမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံဖို့ရှိနေပြီး သူတို့နှစ်ယောက်က ပူတင်ကို အဲဒီမှာ စောင့်နေ မယ်လို့ သမ္မတ ဇယ်လန်းစကီးက သတင်းထောက်တွေကို ကိယက်ဗ်မြို့တော်မှာ မေလ ၁၃ ရက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးဖြစ်မြောက်လာဖို့ အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်ပြီး ပူတင်တစ်ဦးတည်းသာ ဒီကိစ္စကို ဆုံးဖြတ်နိုင်စွမ်းရှိတဲ့အတွက် ပူတင်နဲ့သူ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှဖြစ်မယ်လို့လည်း ဇယ်လန်းစကီးက ပြောကြားထားပါတယ်။