ကလေးသူငယ်တွေ လက်လှမ်းမီနိုင်မှုကို ထိထိရောက်ရောက် ဟန့်တားတာ မရှိတဲ့အပေါ် ညစ်ညမ်းဗီဒီယို ဝက်ဘ်ဆိုက်တချို့ကို ဥရောပသမဂ္ဂ(EU)က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ Reuters သတင်းမှာ ရေးသားထားပါတယ်။ဥရောပသမဂ္ဂရဲ့ စစ်ဆေးရေး အရာရှိတွေက အဲဒီဝက်ဘ်ဆိုက်တွေဟာ ကလေးတွေ ဝင်ရောက်ကြည့်ရှုခွင့် မရနိုင် အောင် ကန့်သတ်စိစစ်တဲ့ အဆင့်တွေကို ထိထိရောက်ရောက် လုပ်ဆောင်ထားတာ မရှိဘူးလို့ ပြောပါတယ်။

အွန်လိုင်း ပလက်ဖောင်းတွေအနေနဲ့ ကွဲပြားတဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်လုပ်မှုတွေကို ဖန်တီးတဲ့အခါမှာ ကလေး တွေရဲ့ အခွင့်အရေးနဲ့ အကျိုးကျေးဇူးအတွက် အကောင်းဆုံး ဖြစ်နိုင်ခြေတွေ ထည့်စဉ်းစားဖို့ လိုတယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။စုံစမ်းစစ်ဆေးတာ ခံနေရတဲ့ ဝက်ဘ်ဆိုက်တွေကတော့ Pornhub ၊ X Videos ၊ XNXX နဲ့ Stripchat တို့ ဖြစ်ပါ တယ်။ Pornhub ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Aylo ကတော့ ဥရောပရဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေကို သိရှိထား ပြီး ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေ မှန်သမျှဟာ အသက်မပြည့်သေးတဲ့ အွန်လိုင်း သုံးစွဲသူတွေအတွက် အဆိပ် အတောက် မဖြစ်တာ သေချာအောင် လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။အဲဒီညစ်ညမ်းဗီဒီယို ပလက်ဖောင်း ၄ ခုဟာ အသက်ကန့်သတ်ချက်၊ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ကလေးသူငယ် အခွင့် အရေးဆိုင်ရာ လေးစားလိုက်နာမှုတွေကို တိကျလုံလောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်မထားတာကို တွေ့ရှိရတယ်လို့ ကနဦး စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ဥရောပကော်မရှင်က ပြောပါတယ်။



