ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ထိပ်တန်း DeepSeek ကုမ္ပဏီက အင်ဂျင်နီယာတွေ ပြည်ပထွက်ခွင့် ကန့်သတ်ခံရတယ်လို့ သတင်းထွက်နေကြောင်း The information သတင်းမှာ ရေးသားထားပါတယ်။ DeepSeek ရဲ့ တန်ဖိုးနည်း စွမ်းရည်မြင့် AI model ပေါ်လာပြီးတဲ့နောက် အမေရိကန်စတော့ဈေးကွက်တွေ အလဲလဲ အပြိုပြို ဖြစ်သွားခဲ့ကြ ပါတယ်။

ဒါက တရုတ်ပြည်အတွက် ဂုဏ်ယူဖွယ်ရာ နည်းပညာအစွမ်းပြချက် ဖြစ်ခဲ့သလို တန်ဖိုးနည်း AI model သစ်တွေ ပေါ်ပေါက်လာဖို့လည်း DeepSeek က စံပြနည်းယူဖွယ် လမ်းပြကောင်းတစ်ခု ဖြစ်ခဲ့တာပါ။

R1 model နဲ့ AI လောကကို မွှေနှောက်သွားခဲ့ပြီးနောက် DeepSeek ရဲ့ နည်းပညာကို ပြင်ပမရောက်အောင် DeepSeek ရဲ့ အဓိကကျတဲ့ ဝန်ထမ်းတွေရဲ့ တရုတ်ပတ်စ်ပို့တွေကို သိမ်းထားလိုက်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
The Information သတင်းမှာတော့ ကုန်သွယ်ရေးလျှို့ဝှက်ချက်နဲ့ နိုင်ငံ့လျှို့ဝှက်ချက်တွေပါတဲ့ လျှို့ဝှက် သတင်း အချက်အလက် ပေါက်ကြားမှုကနေ ကာကွယ်ဖို့ ခရီးသွားခွင့်ပိတ်တာလို့ ဆိုပါတယ်။ တရုတ်အစိုးရက နိုင်ငံရဲ့ ထိပ်တန်း AI ပညာရှင်တွေ အမေရိကန်ကို ခရီးသွားလာမှု ရှောင်ကြဉ်ကြဖို့ မကြာသေးခင်ကတည်းက ညွှန်ကြား ထားတာဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ AI ပါဝါချင်း ယှဉ်ပြိုင်လာချိန်မှာ DeepSeek ဟာ တစ်ကမ္ဘာလုံးက အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာတော့ DeepSeek ကို အချက်အလက်လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ပိတ်ပင်တာတွေလည်းရှိနေပါတယ်။