အမေရိကန်အစိုးရရဲ့ တိုးမြှင့်လိုက်တဲ့ ကုန်သွယ်ခွန် စည်းကြပ်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီ ဘိုးရင်း(Boeing)ကနေ မှာယူထားတဲ့ လေယာဉ်အသစ်တွေကို ပြန်ပို့နေပြီ ဖြစ်တယ်လို့ CNBC သတင်းမှာ ဖော်ပြထားပါတယ်။ ဘိုးရင်းကနေ မှာယူထားတဲ့ လေယာဉ်တွေကို ပြန်လည် ပို့ဆောင်ဖို့ တရုတ်လေကြောင်းလိုင်းတွေကို တရုတ်အစိုးရက ညွှန်ကြားပြီးတဲ့နောက် အနည်းဆုံး လေယာဉ် နှစ်စင်းဟာ တရုတ်ကနေ အမေရိကန်ကို ပြန်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ကြိုတင် အမှာစာတွေအရ အခုနှစ်ထဲမှာ တရုတ်လေကြောင်းလိုင်းတွေဟာ ဘိုးရင်းကနေ လေယာဉ် အစင်း ၅၀ ကျော် မှာယူထားကြပေမယ့် လက်ရှိ အခြေအနေမှာတော့ ဖောက်သည်တွေဘက်က အဲဒီ လေယာဉ်တွေကို လက်ခံယူဖို့ လိုလိုလားလား မရှိကြတော့ဘူးလို့ ဘိုးရင်း အမှုဆောင်ချုပ်က CNBC သတင်းဌာနကို ပြောကြားခဲ့ ပါတယ်။ ကုန်သွယ်ရေး စစ်ပွဲဆန်တဲ့ အဲဒီ အားပြိုင်မှုဟာ နိုင်ငံတကာ စျေးကွက်ကိုပါ ထိခိုက်သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။