တရုတ်ဝန်ကြီးချုပ်လီဟာ မေလ ၂၇ ရက်မှာကျင်းပမယ့် အာဆီယံ-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ-တရုတ် ညီလာခံအတွက် ကွာလာလမ်ပူကို သွားရောက်မှာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်ကိစ္စတွေ ဖြစ်ပွားချိန်ကတည်းက တရုတ်ဟာ ဥရောပသမဂ္ဂ၊ ဂျပန်၊ ကိုရီးယားတို့နဲ့ ဆက်ဆံရေးပြန်အဆင်ပြေစေဖို့ ကြိုးပမ်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း တရုတ်သမ္မတရှီကျင့်ဖျင် မလေးရှားကို လာရောက်လည်ပတ်ထားတာရှိပြီး ခရီးစဉ်အတွင်းမှာ အာရှနိုင်ငံတွေအနေနဲ့ ကြီးလေးတဲ့အခွန်နှုန်းထားတွေကိုခုခံဖို့အတွက် စည်းလုံးမှုရှိကြဖို့ တိုက်တွန်းသွားတာရှိ ပါတယ်။၂၀၂၅ ခုနှစ် ပထမသုံးလပတ်မှာ အာဆီယံက တရုတ်ရဲ့အကြီးဆုံးကုန်သွယ်ဖက်အဖြစ်ရှိနေပြီး တရုတ်ကတော့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီရဲ့ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ရှိနေတာပါ။ တစ်ဖက်မှာလည်း အမေရိကန်အရာရှိတွေက တရုတ်ကို စီးပွားရေးအရအထီးကျန်အောင်လုပ်ဖို့ တတိယနိုင်ငံတွေနဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို အသုံးချသွားဖို့ ရှိတယ်လို့ ပြောထားပါတယ်။