တရုတ်နိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံအပါအဝင် အာဆီယံစောင့်ကြည့်လေ့လာသူဖြစ်တဲ့ တီမောလက်စတေတို့က စီးပွားရေးသမားတွေအတွက် အကြိမ်ကြိမ်သွားလာခွင့်ရှိတဲ့ အထူးအာဆီယံဗီဇာ ထုတ်ပေးလိုက်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။အရှေ့တောင်အာရှ ၁၁ နိုင်ငံကနေ တရုတ်နိုင်ငံကို အလုပ်ကိစ္စနဲ့လာပြီး အိမ်ထောင်ဖက်တွေ၊ သားသမီးတွေ ခေါ်လာကြမယ့် အကျုံးဝင်သခရီးသည်အားလုံးကို ရက်ပေါင်း ၁၈၀ အထိနေနိုင်တဲ့ ၅ နှစ်ဗီဇာ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ အရှေ့တောင်အာရှနိုင်ငံသားတွေအကြား မကြာခဏ ခရီးသွားလာမှုတွေ ရှိလာတာနဲ့အမျှ ဒီအစီအစဉ်အသစ်ဟာ ဒေသတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့စေဖို့ ရည်ရွယ်တယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားထားပါတယ်။ ဒါ့အပြင် နိုင်ငံထဲကို ဗီဇာကင်းလွတ်ခွင့်နဲ့လာလို့ရတဲ့ နိုင်ငံတွေများလာတာက အများသူငှာ လာရောက်နိုင်ဖို့ လမ်းဖွင့်ပေးနေတဲ့ တရုတ်ရဲ့ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို ထင်ဟပ်နေတယ်လို့လည်း သူကပြောကြားသွားခဲ့ပါတယ်။