ဖြစ်နိုင်ခြေရှိတဲ့တရုတ်ကျူးကျော်မှုကို တန်ပြန်တဲ့အနေနဲ့ အကြီးမားဆုံး အရပ်သားကာကွယ်ရေးလေ့ကျင့်မှုကို တရုတ်တိုင်ပေရဲ့ မြို့တော်တိုင်ပေမှာ လုပ်ဆောင်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါရှိပါတယ်။

မြို့ပြဧရိယာတစ်ခွင်လုံးမှာ လေကြောင်းရန်အချက်ပေး ဥသြသံတွေ မြည်ဟည်းနေပြီး မြို့သူမြို့သားတွေလည်း အိမ်တွေထဲမှာ ပုန်းခိုနေကြရတဲ့ လေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။ အစုအပြုံလိုက်ဘေးကင်းရာ ရှောင်ရှားရတဲ့ လေ့ကျင့် မှုတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့အချိန်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ သရုပ်ပြတဲ့လေ့ကျင့်မှုတွေလည်း လုပ်ဆောင်ခဲ့ ကြတယ်လို့ သိရပါတယ်။ တရုတ်တိုင်ပေဟာ အခုလို ဟန်ကွမ်း Han Kuang စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ပြုလုပ် လေ့ရှိပြီး အခုနှစ်မှာတော့ လေ့ကျင့်မှုကို သိသိသာသာ ပိုတိုးမြှင့် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ တိုင်ပေကျွန်းကို သူ့ပိုင်နက်အဖြစ် ကြေငြာထားပြီး ပြန်လည်ပေါင်းစည်း ရေးအတွက် စစ်ရေးနည်းလမ်း အသုံးပြုနိုင်ခြေကိုလည်း ပစ်ပယ်မထားပါဘူး။ အမေရိကန်အရာရှိတွေကလည်း ဖြစ်လာနိုင်တဲ့တရုတ်ရဲ့ ခြိမ်းခြောက်မှုကို သတိပေးထားပါတယ်။တရုတ်တိုင်ပေဒေသခံတွေကတော့ တရုတ်ရဲ့ကျူးကျော်မှု ဖြစ်လာမယ်ဆိုတဲ့အချက်ကို သံသယ ရှိနေကြပါတယ်။ ဒေသခံတွေကို မေးမြန်းထားတဲ့ လူထုသဘောထားစစ်တမ်းအရ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ငါးနှစ်အတွင်း တရုတ်ရဲ့ကျူးကျော်မှုဖြစ်လာနိုင်ခြေကို မယုံကြည်ဘူးလို့ ဆိုပါတယ်။ လက်ရှိစစ်ရေးလေ့ကျင့်မှုမှာ တပ်သား ၂၂၀၀၀ ကျော်ပါဝင်ပြီး မနှစ်ကထက် နှစ်ဆပိုတိုးလာပါတယ်။




