တရုတ်နိုင်ငံဟာ ပထမဆုံး ဒရုန်းသယ်လေယာဉ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး အဲဒီလေယာဉ်ဟာ AI ထိန်းချုပ်မှုနဲ့ မောင်းနှင်နိုင်မှာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ကျိုထျန်း(ခေါ်) High Sky လို့ အမည်ပေးထားတဲ့ အဲဒီလေယာဉ်ကို ဇွန်လကုန်မှာ ပထမဆုံးမစ်ရှင် စမ်းသပ်မောင်းနှင်ဖို့ အစီအစဉ်ဆွဲထားတယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီလေယာဉ် ဟာ အလေးချိန် အများဆုံး ၁၆ တန် သယ်ဆောင်နိုင်မှာဖြစ်ပြီး လေယာဉ်ရဲ့ တောင်ပံအကျယ်က ၂၅ မီတာ ရှိပါတယ်။ အမြင့်ပေ မီတာ ၁၅၀၀၀ အထိ ပျံသန်းနိုင်မှာဖြစ်ပြီး ဒါဟာ အလယ်အလတ် အကွာ အဝေး လေကြောင်းကာကွယ်ရေးစနစ်တွေထက် ပိုမြင့်ပါတယ်။ ခရီးအကွာအဝေးအနေနဲ့လည်း ကီလိုမီတာ ၇၀၀၀ နီးပါး မောင်းနှင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ စမ်းသပ်မစ်ရှင်တွေ ပြီးသွားတဲ့အခါမှာလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က အဲဒီ လေယာဉ်ကို ဒရုန်းသယ်မိခင်လေယာဉ်အဖြစ် အသုံးချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါဟာ တိုက်ခိုက်ရေးဒရုန်းတွေရဲ့ စစ်ဆင်ရေးအကွာအဝေးကို ပိုချဲ့ထွင်နိုင်မှာဖြစ်ပြီး အစုလိုက် တိုက်ခိုက်နိုင် စွမ်းကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနဲ့ ကင်းထောက်တွေလိုမျိုး အီလက်ထရွန်းနစ် စစ်ဆင်ရေးတွေမှာလည်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလေယာဉ်ကို စစ်ရေးအသုံးချမှုတွေအပြင် အရေးပေါ်သယ်ယူပို့ဆောင်ရေး၊ နယ်စပ်စောင့်ကြည့်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ သဘာဝဘေး အန္တရာယ်တွေအတွက် တုံ့ပြန်ဆောင်ရွက်ရေးတွေမှာလည်း အသုံးချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။