တရုတ်နိုင်ငံအနေနဲ့ မဟာဗျူဟာမြောက် တွင်းထွက်ပစ္စည်းတွေ တရားမဝင်ရောင်းချနေမှုကို ထိထိရောက်ရောက် တားဆီးသွားမှာဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မေလ ၁၂ ရက်မှာ ပြောကြားလိုက်တာကို ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

မဟာဗျူဟာမြောက်တွင်းထွက်ပစ္စည်း အရင်းအမြစ်တွေ တင်ပို့တာကို ကြပ်ကြပ်မတ်မတ် ထိန်းချုပ်တာဟာ နိုင်ငံလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအကျိုးစီးပွားတွေအတွက် အဓိကကျတယ်လို့ ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောကြားခဲ့ပါတယ်။တင်ပို့မှုတချို့ကို ကန့်သတ်တာတွေ လုပ်ဆောင်ချိန်မှာ နိုင်ငံခြားလုပ်ငန်းတွေအနေနဲ့ ပြည်တွင်းက တရား မဝင်လုပ်ဆောင်နေသူတွေနဲ့ပူးပေါင်းပြီး မှောင်ခိုကူးဖို့ ကြိုးစားတာတွေကိုလည်း တွေ့ရတယ်လို့ ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒီလိုမှောင်ခိုကူးနေတာတွေကို ထိန်းချုပ်ဖို့ တရုတ်အနေနဲ့ တရားမဝင်လုပ်ငန်းတွေ၊ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေကို နှိမ်နင်းဖို့ အစီအစဉ်တစ်ခုချမှတ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို စုံစမ်းဖို့ အကောက်ခွန်စစ်ဆေးတာတွေကိုလည်း တင်းကျပ်ထားပါတယ်။ ဒါ့အပြင် တရားမဝင် လုပ်ဆောင်ချက် တွေကို နှိမ်နင်းဖို့ နောက်ပိုင်းမှာ ဒီထက်ပို လုပ်သွားဖို့ရှိတယ်လို့လည်း ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။