စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တရုတ်ကြားမှာ တင်းမာမှုတွေပြန်မြင့်တက်လာမယ့်အရိပ်အယောင်ရှိလာတာနဲ့အမျှ တရုတ်ဟာ စည်းကြပ်ခွန်သဘောတူညီမှုချိုးဖောက်တယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်ကို အခိုင်အမာငြင်းဆိုခဲ့ကြောင်း CNA သတင်းမှာဖော်ပြထားပါတယ်။

ဝါရှင်တန်နဲ့ ဘေဂျင်းဟာ ပြီးခဲ့တဲ့လက ဂျနီဗာမှာ ထိပ်သီးအရာရှိတွေဆွေးနွေးပွဲအပြီးမှာ အချင်းချင်းရက်ပေါင်း ၉၀ စည်းကြပ်ခွန်တွေလျှော့ချဖို့သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ဝါရှင်တန်ကအရာရှိတွေဟာ တရုတ်ကို သဘောတူညီချက်ချိုးဖောက်တယ်လို့ ပြီးခဲ့တဲ့အပတ်ကစွပ်စွဲထားပြီးအမေရိကန်ကုန်သွယ်ရေးဝန်ကြီး Howard Lutnick(ဟောင်းဝပ်လုနစ်ခ်)က ဘေဂျင်းဟာ သဘောတူညီချက်ကို တမင်နှေးကွေးအောင်လုပ်နေတယ်လို့ Fox News Sunday အစီအစဉ်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ တရုတ်အနေနဲ့ ယုတ္တိမရှိတဲ့စွပ်စွဲချက်တွေကိုအခိုင်အမာငြင်းဆိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သဘောတူညီချက်ကိုဖော်ဆောင်ရာမှာသူ့ရဲ့အခွင့်အရေးတွေ၊အကျိုးစီးပွားတွေနဲ့ရိုးသားမှုကိုအခိုင်အမာကာကွယ်နေတယ်လို့လည်းပြောကြားခဲ့ပါတယ်။ဂျနီဗာဆွေးနွေးပွဲပြီးကတည်းက ဝါရှင်တန်ဟာ တရုတ်ကို တစ်ဖက်စောင်းနင်းနိုင်တဲ့ကန့်သတ်ချုပ်ချယ်မှုတွေလုပ်နေတယ်လို့လည်း ပြန်တုံ့ပြန်ထားပါတယ်။အမေရိကန်အရာရှိတွေက မြေရှားတွေနဲ့ ကားတွေ၊ ချစ်ပ်တွေပြုလုပ်ဖို့လိုတဲ့တခြားပစ္စည်းတွေအတွက်ပို့ကုန်လိုင်စင်ခွင့်ပြုဖို့ တရုတ်ရဲ့တွန့်ဆုတ်နေမှုကို စိတ်ပျက်မိတယ်လို့ပြောပါတယ်။အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent( စကော့ ဘက်ဆန့်) ကတော့ပြဿနာတွေကိုဖြေရှင်းဖို့သက်ဆိုင်ရာခေါင်းဆောင်အချင်းချင်းဖုန်းခေါ်ဆိုပြီး ဖိအားတွေလျှော့ချဖို့မျှော်လင့်ထားပါတယ်။