တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ မေလ ၉ ရက် မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ရုရှားနိုင်ငံ မော်စကို မြို့ကို မေလ ၇ ရက် ဗုဒ္ဓဟူးနေ့က ရောက်ရှိလာတယ်လို့ ရုရှား နိုင်ငံပိုင်သတင်းဌာန RIA Novosti ကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ရေးပြ အခမ်းအနားကို နိုင်ငံ ၂၉ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အထူးကိုယ်စားလှယ်တွေ တက်ရောက် ကြမှာ ဖြစ်တယ်လို့လည်း ရုရှားသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ယူရီ ယူရှာကော့ဗ် (Yury Ushakov)က အတည်ပြု ပြောထား တာကို RT သတင်းဌာနက ဖော်ပြထားပါတယ်။စစ်ရေးပြအခမ်းအနားကို တက်ရောက်ကြမယ့် နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်၊ ဘရာဇီး သမ္မတ လူလာ ဒါ ဆီးလ်ဗား၊ ဆားဘီးယား သမ္မတ အလက်ဆန်းဒါး ဗူးဆစ်၊ ဗင်နီဇွဲလား သမ္မတ မာဒူရို၊ အီဂျစ် သမ္မတ အယ်လ် စီစီနဲ့ ဆလိုဗေးကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို တို့ ပါဝင်တယ်လို ယူရီ ယူရှာကော့ဗ် က ပြောထားပါတယ်။

ပါကစ္စတန်နဲ့ တင်းမာမှုတွေ ရှိနေတာကြောင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ စစ်ရေးပြအခမ်းအနားကို တက်ရောက် လာနိုင်ဖွယ် မရှိပေမယ့် အိန္ဒိယက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွတ်မယ်လို့ သိရပါတယ်။ စစ်ရေးပြ အခမ်းအနားမှာ တရုတ်၊ အီဂျစ်နဲ့ ဗီယက်နမ်း အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက တပ်ဖွဲ့တွေ ပါဝင်ချီတက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ အဲဒီစစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ မေလ ၇ ရက် မနက်ပိုင်းက ရုရှားနိုင်ငံကို ထွက်ခွာသွားတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။