အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံတို့ဟာ ကုန်သွယ်ရေးပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် အခြေခံစည်းမျဉ်းတစ်ခု သဘောတူခဲ့ကြတယ်လို့ တရုတ်ပြည်သူ့သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကြေညာချက်ဟာ ဇွန်လ ၁၀ ရက်က လန်ဒန်မြို့မှာ နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အရင်က ရရှိခဲ့တဲ့ သဘောတူညီချက်တွေဟာ နောက်ပိုင်းဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခဲ့ရတာပါ။စီးပွားရေးကျဆင်းမှုကို အစပျိုးပေးခဲ့တဲ့ အခွန်ကောက်ခံမှုအများစုကို ရက် ၉၀ ဆိုင်းငံ့ထားဖို့ သဘောတူညီခဲ့ကြ တဲ့ ဂျနီဗာ ဆွေးနွေးညှိနှိုင်းမှုအပေါ် အခြေခံပြီး ဆက်လက်တည်ဆောက်နိုင်ဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။ သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တယ်လီဖုန်းဆက်သွယ်ကာ အသေးစိတ် ဆွေးနွေးပြီးနောက် ကုန်သွယ်ရေးဆွေးနွေးမှုကို လန်ဒန်မြို့မှာ ဆက်လက်လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။

ထိပ်တန်း မြေရှားသတ္တုထုတ်လုပ်သူတရုတ်နိုင်ငံက ဧပြီလမှာချမှတ်ခဲ့တဲ့ ထုတ်ကုန်တင်ပို့မှု ကန့်သတ်ချက်တွေကို လျှော့ချပေးမယ်လို့ အရိပ်အမြွက်ပြသခဲ့တာက မြေရှားသတ္တုအပေါ်အားထားနေရတဲ့ ကမ္ဘာတစ်ဝန်းက မော်တော်ကား ထုတ်လုပ်သူတွေကို များစွာ တုန်လှုပ်စေခဲ့ပါတယ်။