တရုတ်နိုင်ငံအနေနဲ့ မကြာခင် ဆွစ်ဇာလန်မှာ အမေရိကန်နဲ့ပြုလုပ်ဖို့ရှိနေတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲမှာ တရား မျှတမှုကို ကာကွယ်သွားမယ်လို့ မေလ ၆ ရက်က ကတိပေးပြောကြားလိုက်ကြောင်း ဖောက်စ် သတင်းမှာ ဖော်ပြ ထားပါတယ်။ ဒါဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခွန်ကောက်ခံမှုတွေအပြီးမှာ နှစ်ဖက်စလုံးရဲ့ ပထမဆုံးအကြိမ် ဆွေးနွေးမှုဖြစ်ပါတယ်။

အမေရိကန်ဘက်က တရုတ်ကို စည်းကြပ်ခွန် ၁၄၅ ရာနှုန်းကောက်ခံထားပြီး တရုတ်ကလည်း စည်းကြပ်ခွန် ၁၂၅ ရာနှုန်းနဲ့ ပြန်လက်တုံ့ပြန်ထားတာဖြစ်ပါတယ်။ ဒီတစ်ပတ်ဆွေးနွေးပွဲက ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းဖို့ ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံနှစ်ခုအကြား ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးမှု ဖြစ်ပါတယ်။ဆွေးနွေးပွဲကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမီဆန်ဂရီယာတို့ တက်ရောက်သွားမယ်လို့ အမေရိကန်ဘက်က ပြောကြားထားပါတယ်။ ဘက်ဆန့်ကလည်း ဆွေးနွေးပွဲတွေကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပြုလုပ်ပြီး အနာဂတ်ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အခြေခံအုတ်မြစ်ချသွားမယ်လို့ ဖောက်စ် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဆွေးနွေးမှုတွေအတွင်း တရားမျှတမှုကို ကာကွယ်သွားမှာဖြစ်ပြီး မူဝါဒတွေအတိုင်း ရပ်တည်သွားမယ်လို့ ဘေဂျင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ကတိပေးပြောကြားထားပါတယ်။ ဆွေးနွေးပွဲကို ခုတုံးလုပ်ပြီး တရုတ်ကို ခြိမ်းခြောက် အကျပ်ကိုင်တာမျိုးကို လက်ခံမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။