တောင်ကိုရီးယားနိုင်ငံမှာ ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး စံချိန်တင် မိုးရွာသွန်းတာကြောင့် လူ ၄ ယောက် သေဆုံးပြီး နောက်ထပ် လူ ၅၀၀၀ လောက်ကို နေရပ်ရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ တောင်ကိုရီးယား အာဏာပိုင် တွေက ပြောပါတယ်။တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကစလို့ မိုးသည်းထန်ပြီး ရေကြီးတာတွေ ဖြစ်ခဲ့တာပါ။

သေဆုံးသူတွေထဲမှာ အသက် ၈၀ အရွယ် သက်ကြီးရွယ်အို အမျိုးသားနှစ်ယောက် ပါဝင်ပြီး တစ်ယောက်က အိမ်ရဲ့ မြေအောက်ခန်းထဲ ဝင်လာတဲ့ရေတွေကို ခပ်ထုတ်ဖို့ ကြိုးစားနေချိန်မှာ သေဆုံးခဲ့တာပါ။ နောက်တစ်ယောက်က တော့ ကားပေါ်ကို အပျက်အစီးအချို့ ပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တာဖြစ်ပြီး နောက်ဆုံးတစ်ယောက်က နှလုံးရပ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ပျောက်ဆုံးနေသူတစ်ယောက်ကိုတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေတာတွေ လုပ်ဆောင် နေကြပါတယ်။

နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးသည်းထန်ခဲ့ပြီး ဒီသဘာဝဘေးကို အဆိုးရွားဆုံး ခံစားရတဲ့ ဆိုးဆန်မြို့မှာတော့ နေ့တစ်ဝက်ခန့်အတွင်းမှာ မိုးရေချိန် မီလီမီတာ ၄၀၀ အထိ ရွာသွန်းခဲ့ပါတယ်။ မိုးလေဝသ အေဂျင်စီကလည်း ရာစုနှစ်အတွင်း အဆိုးဆုံးမိုးရွာသွန်းမှုလို့ ကြေညာခဲ့ပြီး ရေလွှမ်းမိုးမှု သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်ထားပါတယ်။ရေကြီးမှုနဲ့ မြေပြိုမှု သတိပေးချက်တွေလည်း ထုတ်ပြန်ထားပြီး လေကြောင်းခရီးစဉ် ၄၆ ခုထက်မနည်းကို ဖျက်သိမ်းခဲ့ရသလို ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ဒါပေမဲ့ အပူလှိုင်းကျရောက်နိုင်ခြေကြောင့် လာမယ့် ရက်သတ္တပတ်မှာ အပူချိန်ပြန်မြင့်တက်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။




