အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဂျပန်နိုင်ငံက သွင်းကုန်တွေအတွက်စည်းကြပ်ခွန်ကို ၁၅ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့ကကြေညာခဲ့တာကို နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။မူလက ဂျပန်နိုင်ငံကသွင်းကုန်တွေအတွက် စည်းကြပ်ခွန်ကို ၂၅ရာခိုင်နှုန်းကောက်ခံဖို့ ကြေညာခဲ့တာပါ။

ဒီသဘောတူညီချက်ကနေ အလုပ်အကိုင်ပေါင်းသိန်းနဲ့ချီ ဖန်တီးနိုင်မှာဖြစ်ပြီး ဒါမျိုးအရင်ကတစ်ခုမှမရှိခဲ့ဖူးကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်မှာရေးသားခဲ့သလို အမေရိကန်အနေနဲ့ ဂျပန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေး အမြဲရှိသွားမှာဖြစ်တယ်လို့လည်း ရေးသားခဲ့ပါတယ်။ဂျပန်သွင်းကုန်တွေကို ၁၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်ခံခြင်းက သြဂုတ်လ ၁ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံမှာဒေါ်လာ ၅၅၀ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အမေရိကန်ထုတ် ကားတွေနဲ့ ဆန်စပါးတို့အတွက် စီးပွားရေးအခွင့်အလမ်းဖွင့်လှစ်ပေးမှာဖြစ်ကြောင်းလည်းပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့မနက်အစောပိုင်းမှာ ဂျပန်ဝန်ကြီးချုပ်အီရှီဘာကလည်း ဒီကုန်သွယ်ရေးသဘောတူညီချက်အသစ် ကိုအတည်ပြုကြေညာခဲ့ပြီး နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမှာဖြစ်သလို ပူးပေါင်းလုပ်ဆောင်ဖို့ အထောက်အပံ့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။သမ္မထရမ့်ရဲ့ရေးသားချက်ထဲမှာ ဂျပန်နိုင်ငံထုတ်မော်တော်ကားတွေအနေနဲ့ ပိုမိုမြင့်မားတဲ့ ၂၅ ရာခိုင်နှုန်းအခွန်စည်းကြပ်ခံရမလားဆိုတဲ့ အရေးပါတဲ့အသေးစိတ်အချက်အလက်တွေကတော့ မသဲကွဲသေးပါဘူး။ အမေရိကန်သန်းခေါင်စာရင်းဗျူရိုရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ဟာ မနှစ်တုန်းကဂျပန်နိုင်ငံနဲ့ မညီမျှတဲ့ကုန်သွယ်ရေးတန်ဖိုး အမေရိကန်ဒေါ်လာ ၆၉ဒသမ၄ ဘီလီယံအထိရှိခဲ့တယ်လို့ သိရပါတယ်။