ဧပြီလမှာ ကျရောက်တော့မယ့် (၇၆)နှစ်မြောက် နေတိုးအဖွဲ့ အနာဂတ်ဟာ ဟန်ချက်မညီတဲ့ အရိပ်အယောင်တွေ မြင်တွေ့လာရတဲ့အတွက် NATO ကနေ အမေရိကန် နုတ်ထွက်ဖို့ အီလွန်မတ်စ်က တွန်းအားပေးလာကြောင်း AP သတင်းမှာ ပါရှိပါတယ်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)ကနေ အမေရိကန် နုတ်ထွက်ဖို့ တွန်းအားပေးခဲ့ ပြီး ဥရောပကို ကာကွယ်ရေးအတွက် အမေရိကန်က ရန်ပုံငွေတွေ ပေးဆောင်နေရတာက အဓိပ္ပာယ်မရှိဘူးလို့ အီလွန်မတ်စ်က ပြောကြားလာတာဖြစ်ပါတယ်။

အမေရိကန် နုတ်ထွက်ဖို့ အကြောင်းကို ဝါရှင်တန်ဒီစီရှိ အိမ်ဖြူ တော် ဘဲဥပုံရုံးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောနေစဉ် အတွင်း အီလွန်မတ်စ်က အခုလို တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ဥရောပတို့အကြား အငြင်းပွားဖွယ်ရာတွေ အနည်းငယ် ဖြစ်ပွားနေ တာကြောင့် အခုလို အမေရိကန် နုတ်ထွက်ဖို့ အကြောင်းဖန်လာတာဖြစ်တယ်လို့ လေ့လာသူတွေက ခန့်မှန်း သုံးသပ်ထားကြပါတယ်။

မတ်လ ၆ ရက်က NATO နဲ့ အမေရိကန်တို့အကြား ထိတွေ့ဆက်ဆံမှုကို ချိန်ညှိဖို့အတွက် အသေးစိတ် ဆွေးနွေး ခဲ့ပြီး GDP ရာခိုင်နှုန်းအချို့ကို နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ်အတွက် ထည့်သွင်းအသုံးပြုဖို့လည်း ဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း သမ္မတထရမ့်က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် နောက်ပိုင်း ကတည်းက နေတိုးရဲ့စည်းလုံးညီညွတ်မှုအပေါ် သံသယဝင်နေတာဖြစ်ပြီး အမေရိကန်ထောက်ပံ့မှုတွေနဲ့ ပတ်သက်လို့ ချိန်ဆနေကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။