အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနဲ့ တရုတ်နိုင်ငံတို့ ဦးဆောင်နေတဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေအပေါ် ကုန်သွယ်ခွန်ကောက်ခံဖို့ စဉ်းစားနေပြီး အဲဒီအဖွဲ့က အမေရိကန်အစိုးရဆန့်ကျင်ရေး မူဝါဒတွေကို လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အဖွဲ့အစည်း ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်က BRICS အဖွဲ့ဟာ အမေရိကန်ဒေါ်လာ အားနည်းစေဖို့ လုပ်ဆောင်နေသလို ကမ္ဘာ့အရန် ငွေကြေးမှာ အမေရိကန်ဒေါ်လာ အခန်းကဏ္ဍကို အားနည်းစေဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ထရမ့်က ” အဲဒီအဖွဲ့ဟာ အမေရိကန်နိုင်ငံဆန့်ကျင့်ဖို့ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန် ဒေါ်လာကို တိုက်ခိုက်ဖို့ အစီအစဉ်တွေ ရှိနေတယ်။ အမေရိကန်ဒေါ်လာကို တိုက်ခိုက်မယ့် အစီအစဉ် တွေကို ခွင့်ပြုသွားမှာမဟုတ်ဘူး” လို့ ပြောပါတယ်။အမေရိကန်ဒေါ်လာကို ထိခိုက်အားနည်းစေဖို့ လုပ်ဆောင်မယ့် အဖွဲ့စည်းတွေအနေနဲ့ အမေရိကန်အစိုးရရဲ့ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း ထရမ့်က ပြောပါတယ်။ဒေါ်နယ်ထရမ့်က BRICS အဖွဲ့မှာပါဝင်နေတဲ့ နိုင်ငံတွေအနက် အိန္ဒိယကို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံဖို့ စီစဉ်နေပြီး ရုရှားနဲ့ကုန်သွယ်မှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် အိန္ဒိယကို ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရက ဘရာဇီးနိုင်ငံကိုလည်း သြဂုတ် ၁ ရက်ကစတင်ပြီး ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံခဲ့သလို ဘရာဇီးနိုင်ငံက အမေရိကန်နိုင်ငံ စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသား လုံခြုံရေးကိစ္စတွေကို ခြိမ်းခြောက်တဲ့ ပိုစ့်တွေ တင်နေတယ်လို့လည်း ထရမ့်က ပြောပါတယ်။BRICS အဖွဲ့ကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဘရာဇီး၊ တောင်အာဖရိက၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့ ပူးပေါင်း ပါဝင်ခဲ့ကာ ပြီးခဲ့တဲ့နှစ်က အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ယူအေအီးနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို အဖွဲ့ဝင်နိုင်ငံ အသစ်တွေအဖြစ် လက်ခံခဲ့တာပါ။ BRICS အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေထဲမှာလည်း ဘီလာရုစ့်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ မလေးရှား၊ ထိုင်း၊ ယူဂန်ဒါ၊ ဥဇဘက်ကစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ ကာဇက်စတန်နိုင်ငံတွေလည်း ပူးပေါင်း ပါဝင်နေတယ်လို့ သိရပါတယ်။




