ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးပွဲမှာ သဘောတူညီချက် အဆင့်အထိ မရောက်ပေမဲ့ အချက်အလက်တော်တော်များများ သဘောတူနိုင်ခဲ့သလို တိုးတက်မှုတချို့ရှိခဲ့တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

သမ္မတ ထရမ့်နဲ့ သမ္မတ ပူတင်တို့ဟာ အမေရိကန်၊ အလာစကာပြည်နယ်၊ အန်ကာရစ်ချ်မြို့က စစ်အခြေစိုက်စခန်းမှာ ၃ နာရီ နီးပါးကြာ တွေ့ဆုံဆွေးနွေးကြပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ မှာ သမ္မတထရမ့်က အဲဒီလို ပြောခဲ့တာပါ။ဒါပေမဲ့ ဘာတွေ သဘောတူတယ်၊ ဘယ်လို တိုးတက်မှုရခဲ့သလဲဆိုတဲ့ အသေးစိတ်ကိုတော့ သမ္မတထရမ့်က မပြောသွားပါဘူး။

သမ္မတ ပူတင်ကလည်း သမ္မတထရမ့်ကို “ဟယ်လို အိမ်နီးချင်း”လို့ နှုတ်ဆက်ခဲ့ပြီး အမေရိကန်နဲ့ရုရှားဟာ နီးကပ်တဲ့အိမ်နီးချင်းဖြစ်တယ်လို့ အလာစကာပြည်နယ်သမိုင်းကြောင်းကို ကိုးကားပြီး ပြောခဲ့ပါတယ်။ သမ္မတထရမ့်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဖို့ကိုလည်း မော်စကိုကို ဖိတ်ခေါ်ခဲ့ပါတယ်။သမ္မတထရမ့်က သူဟာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေဆီကို မကြာခင် ဆက်သွယ်ပြောဆိုမယ်လို့ ပြောခဲ့ပါတယ်။