အမေရိကန်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာက သူတို့ပြုလုပ်ဖူးသမျှထဲမှာ အကောင်းဆုံးတွေ့ဆုံဆွေးနွေးမှု ဖြစ်ခဲ့ကြောင်း ယူကရိန်းသမ္မတက ပြောဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ယူကရိန်းသမ္မတဇယ်လန်စကီးဟာ အနောက်ဥရောပခေါင်းဆောင်တွေနဲ့အတူ အိမ်ဖြူတော်မှာ သမ္မတထရမ့် နဲ့ တွေ့ဆုံပြီး လုံခြုံရေးအာမခံချက်နဲ့ ရုရှားနဲ့ငြိမ်းချမ်းရေးရယူဖို့တွေကို ဆွေးနွေးခဲ့တာပါ။ ဒီတွေ့ဆုံဆွေးနွေး ပွဲကို သမ္မတထရမ့်နဲ့ရုရှားသမ္မတပူတင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးပွဲအပြီး ၃ ရက်အကြာ သြဂုတ် ၁၈ ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ထူးခြားတဲ့ကြေညာချက်မျိုး မထုတ်ပြန်ခဲ့ပေမဲ့ နှစ်ဖက်စလုံးက ဒီဆွေးနွေးပွဲဟာ ယူကရိန်းနဲ့ရုရှား ငြိမ်းချမ်း ရေး ရရှိဖို့ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှု ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။“ ဒီတွေ့ဆုံပွဲအတွက် သမ္မတထရမ့်ကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်တို့ ပြုလုပ်ဖူးသမျှထဲမှာ အကောင်း မွန်ဆုံး တွေ့ဆုံဆွေးနွေးပွဲဖြစ်ခဲ့ပြီး ဒါဟာ သိပ်အရေးကြီးပါတယ်” လို့ အိမ်ဖြူတော်အပြင်ဘက်က သတင်း ထောက်တွေကို သမ္မတဇယ်လန်စကီးက ပြောဆိုခဲ့ပါတယ်။သမ္မထရမ့်ဟာ ရုရှားသမ္မတနဲ့လည်း ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး ပူတင်နဲ့ဇယ်လန်စကီးတွေ့ဆုံပွဲ စီစဉ်ပေးချင် ကြောင်းနဲ့ နောက်ပိုင်းမှာ ၃ နိုင်ငံတွေ့ဆုံဆွေးနွေးပွဲလည်း ပြုလုပ်သွားချင်ကြောင်း ပြောဆိုခဲ့ပါတယ်။ သမ္မတပူတင်ကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေ အဆင်သင့်ဖြစ်တာနဲ့ လက်မှတ်ထိုးဖို့ သမ္မတ ဇယ်လန်စကီးနဲ့တွေ့ဆုံဖို့ အသင့်ဖြစ်နေကြောင်း အရင်က ပြောဆိုထားပါတယ်။

ရုရှားအနေနဲ့ ယာယီအပစ်အခတ်ရပ်စဲရေးထက် ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို ပိုဆန္ဒရှိကြောင်းနဲ့ ယူကရိန်းအနေနဲ့ အသစ်ရရှိထားတဲ့ ရုရှားနယ်မြေတွေကို စွန့်လွှတ်ဖို့နဲ့ နေတိုးတပ်ဖွဲ့ထဲဝင်ဖို့ အစီအစဉ်ကို လည်း ဖျက်သိမ်းဖို့ သမ္မတထရမ့်က ယူကရိန်းအပေါ် ဖိအားပေးထားပါတယ်။သမ္မတဇယ်လန်စကီးကတော့ ဝါရှင်တန်တွေ့ဆုံဆွေးနွေးပွဲအတွင်း နယ်မြေဖလှယ်ရေးကို ဆွေးနွေးခဲ့ပေမဲ့ ယူကရိန်းအနေနဲ့ ဘယ်နယ်မြေကိုမှ လိုက်လျောပေးအပ်တာ ပြုလုပ်မှာမဟုတ်ကြောင်း အတည်ပြုခဲ့ပြီး ရုရှားရဲ့နယ်နိမိတ်အသစ်ကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။




