ခြွင်းချက်မရှိ လက်နက်ချ အရှုံးပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကို သတိပေးလိုက်ပါတယ်။ထရမ့်ဟာ ဇွန်လ ၁၇ ရက်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ အခုလို ရေးသားထားတာဖြစ်ပြီး မိမိတို့က အီရန်ရဲ့ ကောင်းကင်ယံကို လုံးဝထိန်းချုပ်ထားပြီလို့လည်း ပြောခဲ့ပါတယ်။

အီရန်ရဲ့ ဘာသာရေးခေါင်းဆောင် ဘယ်နေရာ မှာ ရှိနေတယ်ဆိုတာကိုလည်း သိတဲ့အကြောင်း ပြောခဲ့ပြီး ဒါပေမဲ့ လတ်တလောမှာတော့ သူ့ကို ရှင်းပစ်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ဒါ့အပြင် အီရန်မှာ လေကြောင်းကာကွယ်ရေး ကိရိယာကောင်းတွေနဲ့ တခြားခံစစ်ကိရိယာတွေ အများကြီး ရှိပေမဲ့ အမေရိကန်က တီထွင်ဖန်တီးထားတဲ့ ပစ္စည်းတွေနဲ့တော့ ဘယ်သူကမှ မယှဉ်နိုင်ဘူးလို့ ထရမ့်က ပြောပါတယ်။တစ်ဖက်မှာ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကတော့ ဇီယွန်ဝါဒီတွေနဲ့ ဘယ်တော့မှ အပေးအယူလုပ်မှာ မဟုတ်ဘူးလို့ အခိုင်အမာပြောထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က ညပိုင်းက အိမ်ဖြူတော်မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အီရန်နျူကလီးယား အခြေစိုက်နေရာတွေကို တိုက်ခိုက်ဖို့ အစ္စရေးနဲ့ ပူးပေါင်းသင့်၊ မသင့် ဆွေးနွေး ခဲ့ကြတာပါ။ တစ်နာရီနဲ့ မိနစ်နှစ်ဆယ်လောက်အထိ ကြာမြင့်တဲ့ အဲဒီဆွေးနွေးပွဲမှာ ထရမ့်ရဲ့ အကြံပေးတွေကြား အဆိုပြုချက်နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲတာတွေ ရှိနေတယ်လို့ CBS သတင်းက ဖော်ပြပါတယ်။မဲလ်ဘုန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ကထိက ဒေါက်တာ ဒါရာကွန်ဒူအစ်ကတော့ အစ္စရေးနဲ့ အီရန်ကြား ပဋိပက္ခမှာ အမေရိကန် ပါဝင်ပတ်သက်ဖို့ဆိုတာဟာ ကြောက်စရာကောင်းတဲ့ အဆိုပြုချက် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။