အမေရိကန်ဟာ ကာတာနိုင်ငံက လက်ဆောင်အနေနဲ့ ပေးအပ်တဲ့ လေယာဉ်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း မေလ ၂၁ ရက်မှာ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ သမ္မတထရမ့်ရဲ့ Air Force One လေယာဉ် တပ်စုအတွက် ရည်ရွယ်ပေးအပ်တဲ့ လေယာဉ်ကို လက်ခံလိုက်တာပါ။

ဖက်ဒရယ် စည်းမျဉ်းစည်းကမ်းတွေအရ ကာကွယ်ရေးဝန်ကြီးက ကာတာနိုင်ငံကနေ လက်ဆောင်ပေးတဲ့ ဘိုးအင်း ၇၄၇ တစ်စင်းကို လက်ခံလိုက်ပါပြီလို့ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်(Sean Parnell)က ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ကာတာတော်ဝင်မိသားစုက ပေးတဲ့ ဒီလက်ဆောင်ဟာ တန်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလေယာဉ်ကို သမ္မတရဲ့ တရားဝင် လေကြောင်းသယ်ယူပို့ဆောင်ရေး ဖြစ်တဲ့ Air Force One ရဲ့ အစိတ်အပိုင်းအဖြစ် အသုံးမပြုမီ ပြုပြင်မွမ်းမံတာတွေလုပ်ဖို့ လိုအပ်မှာဖြစ်ပြီး ပြန်လည်ပြင်ဆင်မှု ကုန်ကျစရိတ်က ဒေါ်လာ ၁ ဘီလီယံလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီလက်ဆောင်ဟာ တရားဝင်တယ်လို့ အိမ်ဖြူတော်က အခိုင်အမာပြောနေပေမယ့် ဝေဖန်မှုတွေနဲ့ အငြင်းပွားမှုတွေ အများအပြား ဖြစ်ပေါ်နေပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားအစိုးရတွေကနေ ပြည်သူ့အရာရှိတွေကို လက်ဆောင်မပေးရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ်။ဒီလေယာဉ်ကို လက်ခံဖို့အတွက် လွှတ်တော်ရဲ့ ခွင့်ပြုချက် မရထားပေမယ့် သမ္မတ ထရမ့်ကတော့ ဒီလေယာဉ်က သူ့ကို ပုဂ္ဂိုလ်ရေးအရ ပေးတာမဟုတ်ဘဲ အမေရိကန်ကာကွယ်ရေးဌာနကို ပေးတာပြီး သူ့ရာထူးသက်တမ်း ကုန်ဆုံးချိန်မှာ ဒီလေယာဉ်ကို ဆက်မသုံးတော့ဘူးလို့ ပြောထားပါတယ်။