အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ မိုးပျံနန်းတော်ကြီးလို့ခေါ်ဝေါ်နေကြတဲ့ အထူးဇိမ်ခံ Boeing 747-8 လေယာဉ်ကြီးကို ကာတာတော်ဝင်မိသားစုဆီကနေ လက်ခံရရှိဖို့ ရှိနေတာကို အမေရိကန်သတင်းဌာနတွေ မှာ ဖော်ပြနေကြပါတယ်။ အဲဒီလေယာဉ်ကို သမ္မတတွေသာ စီးနင်းတဲ့ Air Force One လေယာဉ်အဖြစ် ပြင်ဆင်မွမ်းမံဖို့ မျှော်လင့်ထားပါတယ်။

အဲဒီလေယာဉ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက်ရှိပြီး တခြားပြည်ပနိုင်ငံအစိုးရက အမေရိကန်နိုင်ငံကို ပေးဖူးသမျှထဲမှာ တန်ဖိုးအရှိဆုံး ဖြစ်ပါတယ်။လက်ဆောင်ကိုလက်ခံလိုက်တဲ့အတွက် အမေရိကန်ရဲ့ လာဘ်ပေးလာဘ်ယူမှု ဒါမှမဟုတ် ဖွဲ့စည်းပုံ ဥပဒေအရ ဘုရင်တွေ မင်းသားတွေ ပြင်ပနိုင်ငံတွေဆီက တံစိုးလက်ဆောင်ယူခွင့်မရှိတဲ့ ဥပဒေကို သွေဖီရာမရောက်ဘူးလို့ အိမ်ဖြူတော်ဥပဒေရေးရာနဲ့ တရားရေးဌာနက ပြောကြားထားပါတယ်။

အိမ်ဖြူတော်မှာ လောလောဆယ် သက်တမ်းကြာနေပြီဖြစ်တဲ့ Boeing 747-200 jumbo jets ၂ စင်းရှိပြီး ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကတည်းက အသုံးပြုနေတာဖြစ်ပါတယ်။ လက်ရှိလေယာဉ်နှစ်စင်းဟာ နည်းပညာပြဿနာတွေရှိနေတဲ့အတွက် အိမ်ဖြူတော်ကလည်း အစားထိုးဖို့ လေယာဉ်တွေ လိုအပ်နေတာ ဖြစ်ပြီး အသစ်ရဖို့ နှောင့်နှေးမှုတွေနဲ့ကြုံတွေ့နေရတဲ့အတွက် ဒေါ်နယ်ထရမ့်အတွက် ဝမ်းမြောက်စရာ သတင်းလည်းဖြစ်ပါတယ်။