လူထုထောက်ခံမှု ကျဆင်းနေတဲ့ သမ္မတဆီက အာဏာသိမ်းပြီးတဲ့နောက် မာဒါဂါစကာ စစ်ခေါင်းဆောင်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ ကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ကျွန်းနိုင်ငံနဲ့ ဆက်ဆံရေး ဆိုင်းငံ့ထားဖို့ အာဖရိကသမဂ္ဂက ဆုံးဖြတ်ပြီး မကြာခင် မှာပဲ ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒရီရန်နာရီနာက သူကိုယ်တိုင် သမ္မတသစ်အဖြစ် တာဝန်ယူမယ့် အကြောင်းကို အတည်ပြုခဲ့တာပါ။ ဆင်းရဲနွမ်းပါးမှု၊ ဆင်းရဲကျပ်တည်းမှုတွေဒဏ်ကြောင့် လူထုက သမ္မတ အန်ဒရီ ရာဂျိုလီနာရဲ့ အစိုးရကို ဆန့်ကျင် တာတွေ အရှိန်မြင့်လာတဲ့နောက် အခုသီတင်းပတ်မှာ စစ်တပ်က ကြားဝင်ပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက် စစ်တပ်က ဦးဆောင်တဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး ရန်ဒရီရန် နာရီနာက သမ္မတ ဖြစ်လာမယ့် သဘောပါ။

ပြည်တွင်းမှာ လူငယ်တွေ ဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေးတွေကို စစ်တပ်ကပါ ပူးပေါင်းခဲ့တဲ့နောက် ရာဂျိုလီနာ ကတော့ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ရပါတယ်။ အာဏာသိမ်းလိုက်တဲ့အကြောင်း မြို့တော် အန်တာနာနာရီဗိုမှာ ကြေညာခဲ့တဲ့အခါ ရန်ဒရီရန်နာရီနာက စစ်တပ် ဟာ အမျိုးသားလွှတ်တော်ကလွဲလို့ နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ အစိုးရဌာနအသီးသီးကို လက်လွှဲကိုင်တွယ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။




