အကျပ်အတည်းတစ်ခုခု ပေါ်ပေါက်လာရင် တောင်တရုတ်ပင်လယ်ထဲ တပ်ဖွဲ့ဝင်တွေရဲ့ စစ်အင်အားကို ဖြန့်ကြက် ပံ့ပိုးနိုင်ဖို့အတွက် ဩစတြေးလျမြောက်ပိုင်းမှာ အမေရိကန်စစ်တပ်ဟာ အင်အားစုဖွဲ့ တည်ဆောက်မှုတွေ အလျင် အမြန် လုပ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အမေရိကန်နဲ့ ဩစတြေးလျ ကာကွယ်ရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ စာရွက်စာတမ်းတွေကို လေ့လာမှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ရိုက်တာက ကြသပတေးနေ့မှာ အခုလို ရေးသားတင်ပြထားတာပါ။
အခုနှစ်ထဲမှာ စတင်မဲ့ စီမံကိန်းတွေ၊ ဒါဝင်နဲ့ တင်ဒဲလ် လေတပ်အခြေစိုက်စခန်းကြီးနှစ်ခုမှာလုပ်သွားမဲ့စီမံကိန်းတွေက ဩစတြေးလျမြောက်ပိုင်းကို အမေရိကန် လေတပ်နဲ့ ရေတပ် အတွက် ထိပ်တန်း ပြည်ပစစ်အခြေစိုက်စခန်းဖြစ်လာစေခဲ့တယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

ဩစတြေးလျ အရှေ့ပိုင်းက ကမ်ဘာရာမြို့တော်ထက် ဖိလစ်ပိုင်နဲ့ ပိုနီးကပ်တဲ့ နေရာမှာရှိတဲ့ ဒါဝင်စခန်းဟာ ဩစတြေးလျနဲ့ အမေရိကန် မရိန်းတပ်တို့ရှိရာ မြို့စောင့်တပ်ပါ။
ဗဟိုလက်ဝဲယိမ်း ဩစတြေးလျအစိုးရက ဩစတြေးလျမြေပေါ်မှာ အမေရိကန် စစ်စခန်းတွေ လက်မခံရေး မူဝါဒကို ထိန်းသိမ်းထားပေမဲ့လည်း အခုအခါမှာ အမေရိကန်စစ်တပ်ရဲ့ စစ်ရေး စီမံကိန်းတွေထဲမှာ တစ်ခါပြန်ပြီး မဟာဗျူဟာမြောက် အရေးပါလာတဲ့ စခန်းဖြစ်လာနေတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။
ဒါဝင် စခန်းကနေ မိုင် ၂၀၀ အကွာမှာရှိတဲ့ တင်ဒဲလ် စခန်းဟာလည်း လုံခြုံရေးအရ အရေးပါပြီး ဩစတြေးလျရဲ့ အက်ဖ်-၃၅ အေ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေနဲ့ တာဝေးသွား ထောက်လှမ်းရေး ဒရုန်း ထရစ်တန်တွေ တပ်စွဲရာနေလည်းဖြစ်ပါတယ်။