အီရန်သမ္မတသစ် မာဆော့ပိုဇက်ရှကီအန်ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ဇူလိုင် ၃၀ ရက်က ဟားမတ်စ်နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ဟာ တီဟီရန်မြို့ကို ရောက်ရှိပြီး ပိုဇက်ရှကီအန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ပိုဇက်ရှကီအန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အဆင့်မြင့်အရာရှိတွေ အပါအဝင် နိုင်ငံပေါင်း ၇၀ က ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ သိရပါတယ်။
အသက် ၆၉ နှစ်အရွယ် ဝါရင့် ပြုပြင်ပြောင်းလဲရေးအမတ်နဲ့ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ပိုဇက်ရှကီအန်ဟာ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒကို မြှင့်တင်ဖို့၊ တင်းမာမှုတွေ ဖြေလျှော့ပြီး ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့နဲ့ လူမှုရေးဆိုင်ရာ လွတ်လပ်မှုနဲ့ နိုင်ငံရေးဗဟုဝါဒအတွက် အလားအလာတွေ တိုးတက်ကောင်းမွန်လာအောင် အဓိက အင်အားကြီး နိုင်ငံတွေနဲ့ ရပ်တန့်နေတဲ့ ဆွေးနွေးမှုတွေမှာ တင်းမာမှုတွေ လျှော့ချဖို့ ကတိပြုထားပါတယ်။
ပိုဇက်ရှကီအန်ဟာ ဇူလိုင် ၅ ရက်က သမ္မတရွေးကောက်ပွဲမှာ ရှေးရိုးစွဲပြိုင်ဘက်နဲ့ လုံခြုံရေးအဖွဲ့အကြီးအကဲဟောင်း ဆာအိဒ် ဂျလီလီ ကို အနိုင်ရခဲ့တာပါ။ အီရန် အစ္စလမ္မစ်သမ္မတနိုင်ငံမှာ အဆုံးစွန်အာဏာရှိသူက ဘာသာရေးခေါင်းဆောင် ခါမေနီ ဖြစ်ပါတယ်။
မေလ ၁၉ ရက်က ရဟတ်ယာဉ်ပျက်ကျသေဆုံးခဲ့တဲ့ သမ္မတ အီဘရာဟမ်ရိုင်စီရဲ့နေရာကို ဆက်ခံရ မယ့် ပိုဇက်ရှကီအန်ရဲ့ မဲဆွယ်စည်းရုံးရေးကတိတွေအပေါ် ဖြည့်ဆည်းပေးနိုင်မှုနဲ့ ပတ်သက်လို့ အီရန်နိုင်ငံသား အများအပြားက သံသယဖြစ်နေကြပါတယ်။