စီးပွားရေးအခက်တွေ့နေတဲ့ အီဂျစ်နိုင်ငံဟာ IMF ရဲ့ ဒေါ်လာ ၈ ဘီလီယံ ချေးငွေအစီအစဉ်ကို တတိယအကြိမ် ပြန်လည်သုံးသပ်မှု မပြုလုပ်ခင် လေးရက်အလို ဇူလိုင် ၂၅ ရက်မှာ လောင်စာဆီအမျိုးမျိုးရဲ့ ဈေးနှုန်းတွေကို မြှင့်တင်ခဲ့ပါတယ်။
တရားဝင်ပြန်တမ်းအရ ဓာတ်ဆီတစ်လီတာကို ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အသုံး အများဆုံး လောင်စာတစ်ခုဖြစ်တဲ့ ဒီဇယ်ဈေးက အကြီးမားဆုံး တိုးမြင့်လာတယ်လို့ သိရပါတယ်။
အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ချေးငွေအစီအစဉ်ကို မတ်လမှာ ဒေါ်လာ ၅ ဘီလီယံ တိုးချဲ့ခဲ့ပြီးနောက်ပိုင်း အီဂျစ်အစိုးရက လောင်စာဆီဈေးကို ဒုတိယအကြိမ် မြှင့်တင်ခဲ့တာပါ။

အီဂျစ်ဟာ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လောင်စာဆီထောက်ပံ့မှုတွေကို လျှော့ချဖို့ ကတိပြုထားပါတယ်။
ရေနံထွက်ကုန်တွေရဲ့ ဈေးနှုန်း တွေဟာ ၂၀၂၅ နှစ်ကုန်အထိ တဖြည်းဖြည်း မြင့်တက်လာမှာဖြစ်ပြီး အစိုးရဟာ တိုးမြှင့်သုံးစွဲမှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နိုင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် မိုစတာဖာ မက်ဘော်လီက ပြောဆိုခဲ့ပါတယ်။
အီဂျစ်ဟာ လောင်စာဆီ ထောက်ပံ့မှုအတွက် ၂၀၂၄-၂၅ မှာ ဒေါ်လာ ၆ ဒသမ ၈၅ ဘီလီယံနဲ့ ၂၀၂၅-၂၆ မှာ ဒေါ်လာ ၅ ဒသမ သုည ၇ ဘီလီယံ သုံးစွဲမယ်လို့ ဧပြီလတုန်းက IMF က ခန့်မှန်းခဲ့ပါတယ်။