ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အာကာသစခန်းမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံဟာ အချိန်တိုအတွင်းမှာပဲ Shenzhou-22 အာကာသယာဉ်ကို အရေးပေါ် ကယ်ဆယ်ရေးယာဉ်အဖြစ် လွှတ်တင်နိုင်ခဲ့ တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

Shenzhou-20 အာကာသယာဉ်ရဲ့ ပြတင်းပေါက်မှန်မှာ အက်ကွဲကြောင်း သေးသေးလေးတွေကို တွေ့ရှိခဲ့ရပြီး ဒီအက်ကွဲကြောင်းတွေကြောင့် အာကာသယာဉ်မှူး(၃)ယောက်ဟာ ကမ္ဘာမြေကို ပြန်ဆင်းလာဖို့ မလုံမခြုံ ဖြစ်ခဲ့ တာပါ။ အဲဒီအက်ကွဲကြောင်းတွေဟာ အာကာသအမှိုက်(Space debris)တွေနဲ့ တိုက်မိလို့ ဖြစ်နိုင်ခြေများ တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် မူလအစီအစဉ်ကို ဖျက်ပြီး Shenzhou-20 အဖွဲ့သားတွေဟာ နောက်ထပ်ရောက်လာတဲ့ Shenzhou-21 ယာဉ်ကို အသုံးပြုပြီး ကမ္ဘာမြေကို ပြန်ဆင်းခဲ့ရပါတယ်။
ဒီလိုလုပ်လိုက်တဲ့အတွက် အာကာသစခန်းပေါ်မှာ ကျန်ခဲ့တဲ့ Shenzhou-21 အဖွဲ့သားတွေ အရေးပေါ်အခြေအနေ ကြုံလာရင် ကမ္ဘာမြေပြန်ဆင်းစရာ ယာဉ်မရှိဘဲ ဖြစ်သွားခဲ့ရပါတယ်။ ဒီအန္တရာယ်ရှိတဲ့ အခြေအနေကို ဖြေရှင်းဖို့ တရုတ်နိုင်ငံဟာ (၁၁)ရက်အတွင်းမှာပဲ Shenzhou-22 ယာဉ်ကို လူမပါဘဲ အမြန်ဆုံး လွှတ်တင်ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်က တရုတ်နိုင်ငံရဲ့ အာကာသနည်းပညာ စွမ်းရည်မြင့်မားလာမှုကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပြီး မကြာသေးမီက NASA ရဲ့ Starliner ယာဉ်ပြဿနာကြောင့် အာကာသယာဉ်မှူးတွေ လနဲ့ချီ ကြန့်ကြာခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ယှဉ်ကြည့်ရင် တရုတ်ရဲ့ တုံ့ပြန်မှုက အလွန်မြန်ဆန်ထိရောက်ကြောင်း တွေ့မြင်ရပါတယ်။




