ဗြိတိန်ရွေးကောက်ပွဲပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ ပါလီမန် အစည်းအဝေးမှာ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဟာ ပါလီမန်အမတ်အဖြစ် အင်္ဂါနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။ ကျင်းပပြီးစီးသွားခဲ့တဲ့ ဗြိတိန်ပါလီမန် ရွေးကောက်ပွဲတွေမှာ လေဘာပါတီက ကွန်ဆာဗေးတစ်ပါတီကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး လေဘာပါတီခေါင်းဆောင် ကီးရ် စတာမာ ဟာလည်း ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

အင်္ဂါနေ့ ပါလီမန် အစည်းအဝေးမှာ ဗြိတိန်ပါလီမန်ရဲ့ ထုံးတမ်းစဉ်လာအတိုင်း သက်တမ်းအရှည်ကြာဆုံး အမတ်အဖြစ် တာဝန် ထမ်းဆောင်လာသူ ဆာ အက်ဒဝပ် လိတ်ချ်က အောက်လွှတ်တော်ရဲ့ ဝါရင့်အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အဲဒီနောက်မှာ ဝန်ကြီးချုပ် ကီးရ် စတာမာနဲ့ အစိုးရဖွဲ့ဝင် ဝန်ကြီးတွေ ၊ Shadow Cabinet ( ရှဲဒိုးကက်ဘိနက် ) လို့ခေါ်တဲ့ အတိုက်အခံပါတီက သီးခြားဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ဝန်ကြီးတွေက အသီးသီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

အတိုက်အခံခေါင်းဆောင်ဖြစ်လာတဲ့ ရီရှီဆူးနက်ခ်က တနင်္လာနေ့မှာ သူ့ရဲ့ ရှဲဒိုး အစိုးရအဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီးတော့ ဂျေရမီး ဟန့်တ်နဲ့ ဂျိမ်းစ် ကလဲဗားလေး လို အမတ်တွေဟာ ရွေးကောက်ပွဲမတိုင်ခင်က ရရှိထားခဲ့တဲ့ အစိုးရ ရာထူးနေရာတွေကိုပဲ အဲဒီရှဲဒိုးအစိုးရအဖွဲ့ထဲမှာ ဆက်လက် ရရှိထားကြပါတယ်။ နိုင်ငံခြား ရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းကတော့ အဲဒီရှဲဒိုးအစိုးရအဖွဲ့မှာ မပါဝင်ဘဲ နုတ်ထွက်သွားခဲ့ပါတယ်။