အီရန်နိုင်ငံရဲ့ လက်စားချေတိုက်ခိုက်မဲ့ အန္တရာယ်ကြီးထွားလာချိန်မှာ အစ္စရေး လူနာတင်ယာဉ်အသင်းတွေက မြေအောက်ခန်းတွေမှာ အရေးပေါ် သွေးအိတ်တွေကို စုဆောင်းပြီး ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
စက်ရုံတွေမှာ လည်း ဘေးဥပဒ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို နေရာရွှေ့ထားပြီး မြူနီစီပယ် အာဏာပိုင်တွေက ဗုံးခိုကျင်းတွေ ၊ ရေသိုလှောင်ထားမှု အခြေအနေတွေကို လိုက်လံ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ အစ္စရေးနိုင်ငံဟာ ဂါဇာစစ်ပွဲ စတင်ချိန်ကတည်းက ပြည်တွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လနဲ့ချီပြီး အခုလို အခိုင်အမာ ပြုလုပ်နေခဲ့တာပါ။
အစ္စရေးစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားပြီး လေကြောင်းရန် သတိပေး ဥဩစနစ်နဲ့ အချိန်နဲ့တစ်ပြေးညီ သတိပေး မက်ဆေ့ချ်တွေ ပေးပို့တဲ့ စနစ်တွေကိုလည်း အဆင့်မြှင့်တင် တိုးချဲ့မှုတွေ လုပ်ထားပါတယ်။
ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မသွားဖို့ ၊ ဘေးကင်းလုံခြုံတဲ့ နယ်မြေတွေ အနီး မှာပဲ နေထိုင်ဖို့နဲ့ လူစုလူဝေးမလုပ်ဖို့ သတိပေးထားပါတယ်။
သာမန်အချိန်တွေမှာ သော့ခတ်ထားလေ့ရှိတဲ့ ဟိုင်ဖာ မြို့က ဗုံးခိုကျင်းတွေမှာလည်း အခုအခါမှာ အဝေးထိန်းစနစ်နဲ့ တံခါးအဖွင့်အပိတ်လုပ်နိုင်မဲ့ ဒစ်ဂျစ်တယ် စနစ်မျိုး တပ်ဆင်ထားပြီး မီးစက်တွေ အသင့်ထားရှိပေးထားတယ်လို့ ဟိုင်ဖာမြို့လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မြေအောက် ယာဉ်ရပ်နားကွင်းတွေကိုလည်း နေရာသတ်မှတ်ထားပြီး ယာယီရွက်ဖျင်တဲတွေကိုလည်း လူထောင် ပေါင်းများစွာအတွက် ပြင်ဆင်ထားကြောင်း ပြောပါတယ်။ အစ္စရေးနိုင်ငံဟာ ဘက်ပေါင်းစုံမှာ စစ်မျက်နှာ ဖွင့်ထား ရပြီး အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ ဟားမာ့စ် ၊ ဟစ်ဇ်ဘိုလာ ၊ ဟူသီ စတဲ့ စစ်သွေးကြွ အုပ်စုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပါတယ်။