ဂျပန်နိုင်ငံ အမျိုးသား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတက္ကသိုလ်(NICT)က သမိုင်းဝင် အင်တာနက်အမြန်နှုန်း ကမ္ဘာ့စံချိန်သစ်တစ်ခုကို တင်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အမြန်နှုန်းကတော့ မကြားဖူးလောက်အောင်မြန်တဲ့ 1.02 petabits per second (Pbps) ဖြစ်ပါတယ်။

ဒီအမြန်နှုန်းက ဘယ်လောက်တောင် မြန်သလဲဆိုရင် Netflix ပေါ်မှာရှိတဲ့ ရုပ်ရှင်နဲ့ စီးရီးအားလုံးကို တစ်စက္ကန့် တည်းနဲ့ ဒေါင်းလုဒ်ဆွဲနိုင်သလို Wikipedia ရဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးထားတဲ့ အကြောင်းအရာအားလုံးကို အကြိမ် ၁၀,၀၀၀ ဒေါင်းလုဒ် ဆွဲနိုင်ပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒါဟာ အမေရိကန်နိုင်ငံရဲ့ ပျမ်းမျှအင်တာနက်အမြန်နှုန်းထက် အဆပေါင်း ၃ ဒသမ ၅ သန်း၊ အိန္ဒိယနိုင်ငံထက် အဆပေါင်း ၁၆ သန်း ပိုမိုမြန်ဆန်ပါတယ်။ ပိုပြီးထူးခြားတာက ဒီစံချိန်သစ်ကို လက်ရှိ အသုံးပြုနေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ကိုက်ညီအောင် အထူးပြုလုပ်ထားတဲ့ 19-core optical fibre ကြိုးအမျိုးအစားကို အသုံးပြုပြီး စမ်းသပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အနာဂတ်မှာ ကေဘယ်ကြိုးအသစ်တွေ လဲလှယ်စရာမလိုဘဲ အလွန်မြန်တဲ့ အင်တာနက်ကို အသုံးပြုနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ ဒီအောင်မြင်မှုဟာ AI ၊ Cloud Storage နဲ့ 8K ဗီဒီယိုတွေလိုမျိုး ဒေတာအများကြီးသုံးတဲ့ နည်းပညာတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး 6G ကွန်ရက်တွေအတွက် အခြေခံမော်ဒယ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။