ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရရဲ့ အကြံပေးအရာရှိချုပ် မိုဟာမက် ယူနွတ်စ်ဟာ သြဂုတ် ၇ ရက်က ပဲရစ်မြို့ ကနေ ဒါကာကို ရောက်ရှိလာပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လူထုအုံကြွမှုနဲ့ သွေးထွက်သံယို အဓိကရုဏ်းတွေဖြစ်ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးကနေ နုတ်ထွက်ကာ နိုင်ငံတွင်းက ထွက်ပြေးသွားရချိန် ပဲရစ်မှာ ဆေးကုသမှု ခံယူနေတဲ့ ယူနွတ်ဟာ သြဂုတ်လ ၆ ရက်က အကြံပေးအရာရှိအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျောင်းသားခေါင်းဆောင်တွေ၊ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံပြီးနောက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်ကို အကြံပေးအရာရှိချုပ်ရာထူးအတွက် ခန့်အပ်ခဲ့ကြောင်း သမ္မတရုံး တာဝန်ရှိသူတွေက ပြောဆိုတယ်လို့ အင်္ဂါနေ့နှောင်းပိုင်းမှာ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လူသန်းပေါင်းများစွာ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့ ဘင်္ဂလားဒေ့ရှ် ကျေးလက်ဆင်းရဲသားတွေကို ဒေါ်လာ ၁၀၀ အောက် အသေးစား ချေးငွေတွေ ထုတ်ပေးတဲ့ Grameen Bankနဲ့ အသက် ၈၄ နှစ်ရှိ ယူနွတ်တို့ဟာ ၂၀၀၆ ခုနှစ် အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရတာပါ။
ကျောင်းသားခေါင်းဆောင်တွေက ယာယီအစိုးရရဲ့ အကြံပေးအရာရှိချုပ်အဖြစ် ယူနွတ်ကို အလိုရှိကြောင်း ပြောဆိုခဲ့ကြပြီး ယူနွတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သဘောတူကြောင်း ထုတ်ပြန်ထားပါတယ်။