Air Europe လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းဟာ ဝေဟင်မှာ ပျံသန်းနေချိန် တိမ်တိုက်တစ်ခုကို ဝင်တိုက် မိပြီး လေထုမငြိမ်သက်မှုဖြစ်စဉ်နဲ့ ကြုံရတဲ့နောက် တနင်္လာနေ့က ဘရာဇီးနိုင်ငံက လေဆိပ်တစ်ခုမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အဲဒီလေထုမငြိမ်သက်မှုနဲ့ ကြုံပြီး လေယာဉ်ခါယမ်းသွားချိန်မှာ ဒဏ်ရာရခဲ့တဲ့ ခရီးသည် တွေကို ဆေးဝါးကုသပေးနေရပါတယ်။ လေကြောင်း ခရီးစဉ်အမှတ် UX045 ဖြစ်တဲ့ ဘိုအင်း 787-ဒရင်း(မ်)လိုင်နာ လေယာဉ်ဟာ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း နာတဲလ်လေဆိပ်မှာ မနက် (၂)နာရီ ခွဲဝန်းကျင်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာလို့ ဒေသခံ ဘရာဇီး တာဝန်ရှိသူတွေက ပြောပါတယ်။

Air Europe လေယာဉ်ဟာ မွန်တီဗစ်ဒီယို ကို ဦးတည်ပျံသန်းနေချိန်မှာ အားကောင်းတဲ့ လေထုမငြိမ်သက်မှုနဲ့ တိုးခဲ့လို့ နာတဲလ်ကို လမ်းကြောင်းပြောင်း မောင်းနှင်ပြီး မြေပြင်ပေါ် အရေးပေါ်ဆင်းသက်မှု လုပ်ခဲ့ရတယ်လို့ Air Europe ကလည်း ထုတ်ပြန်ထားပါတယ်။

အဲဒီလေယာဉ်ဟာ ပုံမှန်အတိုင်း မြေပြင်ကို ဆင်းသက်နိုင်ခဲ့ပြီး ဒဏ်ရာရထားသူတွေကို ဒဏ်ရာပြင်းထန်မှုအလိုက် ဆေးဝါးကုသမှုတွေ လုပ်နေတယ်လို့လည်း ဆက်လက်ဖော်ပြပါတယ်။ နာတဲလ်လေဆိပ်မှာ သောင်တင်နေတဲ့ ခရီးသည်တွေကို ဥရုဂွေးနိုင်ငံဆီ မူလအစီအစဉ်အတိုင်း ပို့ဆောင်ပေးဖို့အတွက် စပိန်နိုင်ငံ မက်ဒရစ်မြို့ကနေ လေယာဉ်တစ်စင်းသွားမယ်လို့ Air Europe လေကြောင်းလိုင်းက ပြောပါတယ်။