ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးက နုတ်ထွက်ကာ နိုင်ငံက ထွက်ခွာသွားပြီးနောက် ကြားဖြတ်အစိုးရ ဖွဲ့စည်းမယ်လို့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာ အုဇာမန်က ပြောဆိုခဲ့ပါတယ်။
မြို့တော် ဒါကာမှာ တနင်္ဂနွေနေ့က အဓိကရုဏ်းတွေကြောင့် လူ ၉၁ ယောက်ထက်မနည်း သေဆုံးပြီး နောက်တစ် နေ့မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေက လမ်းမတွေပေါ် စုဝေးပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ တရားဝင် နေအိမ်ကို ချီတက်ခဲ့ကြပါတယ်။
အဲဒီနောက် ဟာဆီနာဟာ ရာထူးက နုတ်ထွက်ပြီး နိုင်ငံက ထွက်ခွာသွားခဲ့တာပါ။
သူမရဲ့ အစ်မနဲ့အတူ စစ်ဘက်ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားတဲ့ ဟာဆီနာဟာ အိန္ဒိယကို ဦးတည်သွားတယ်လို့ မီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ် မြို့တော် အက်ဂရာတလာမှာ ရဟတ်ယာဉ် ဆင်းသက်ခဲ့ကြောင်း CNN News 18 ရုပ်သံလိုင်းက ဖော်ပြခဲ့ပြီး ဒီသတင်းကို ရိုက်တာက အတည် မပြုနိုင်သေးပါဘူး။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတည်ထောင်သူ ရှိတ် မူဂျီဘာ ရာမန်ရဲ့ သမီးဖြစ်တဲ့ ရှိတ်ဟာဆီနာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အောင်မြင်မှုတွေ ရခဲ့ပေမယ့် နိုင်ငံလွတ်လပ်ရေးစစ်ပွဲမှာ ပါဝင်ခဲ့သူတွေရဲ့ သားသမီး တွေကို အစိုးရအလုပ်အကိုင် ခွဲတမ်းချထားပေးတဲ့စနစ် ပြန်ကျင့်သုံးရာကနေ ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဆန္ဒထုတ်ဖော်ပွဲတွေမှာ လူရာနဲ့ချီ သေဆုံးပြီးနောက် တနင်္လာနေ့မှာ ရာထူးက နုတ်ထွက်ပြီး သူ့မိသားစုရဲ့ တောင်းဆိုမှုကြောင့် သူ့ရဲ့လုံခြုံရေးအတွက် နိုင်ငံကနေ ထွက်ခွာသွားခဲ့တယ်လို့ သူမရဲ့သားဖြစ်သူက BBC ကို ပြောပါတယ်။