ရုရှားရဲ့ နိုဝင်ဘာ ၁၉ ရက်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းအနောက်ပိုင်း ထန်နပယ် မြို့က အဆောက်အအုံ နှစ်ခုကို ထိမှန်ခဲ့ရာ ကလေးသူငယ် ၃ ယောက်အပါအဝင် အနည်းဆုံး ၂၆ ယောက် သေဆုံး ခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တခြား ၇၃ ယောက်လည်း ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီအထဲက ၁၅ ယောက်က ကလေးသူငယ်တွေ ဖြစ်တယ်လို့ ပြောပါ တယ်။
ယူကရိန်းအနောက်ပိုင်းက အခြားဒေသနှစ်ခုဖြစ်တဲ့ လီဗစ်နဲ့ အိုင်ဗန်နိုဖရန်ကိတို့လည်း ထိမှန်ခဲ့ပြီး မြောက်ပိုင်း မြို့တော် ခါကိဗ်ရဲ့ ရပ်ကွက်သုံးခုမှာ ဒရုန်း တိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ယူကရိန်း လေတပ်က ရုရှားပစ်လွှတ်ခဲ့တဲ့ ဒရုန်း ၄၇၆ စင်း အနက် ၄၄၂ စင်းနဲ့ ဒုံးကျည် ၄၈ စင်းအနက် ၄၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ယူကရိန်း F-16 နဲ့ မရာ့ရ် 2000 ဂျက်လေယာဉ်တွေကတော့ ရုရှား Cruise ဒုံးကျည် ၁၀ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။




