ကမ္ဘောဒီယားနိုင်ငံဟာ မဲခေါင်မြစ်ကနေ ထိုင်းပင်လယ်ကွေ့ထိ တူးဖော်သွားမဲ့ အမေရိကန် ဒေါ်လာ (၁ ဒသမ ၇) ဘီလီယံတန် ဖူနန် တက်ကို တူးမြောင်း စီမံကိန်း ကို ရှေ့လထဲမှာ တရားဝင် စတင်ဖို့ ရှိနေတယ်လို့ VOA သတင်း တစ်ရပ်က ဇူလှိုင် ၁၈ ရက်မှာ ဖော်ပြပါတယ်။

ဒီတူးမြောင်းစီမံကိန်းဟာ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ဖော်ဆောင် ခဲ့တဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးတွေထဲက တစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံကနေ တစ်ဆင့် ကမ္ဘော ဒီးယားကို ဝင်ထွက်သွားလာနိုင်စေမဲ့ လမ်းကြောင်းတစ်ခုကို ပေါ်ပေါက်လာစေမှာပါ။

ဒါပေမဲ့ အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စီမံကိန်းရဲ့ အဓိကရည်မှန်းချက်ဟာ ကုန်တင်ရေကြောင်းသွားလာမှုလား ဒါမှမဟုတ် လယ်ယာ စိုက်ပျိုးရေးအတွက်လား၊ ပြီးတော့ စီမံကိန်းကို ဘယ်အဖွဲ့အစည်းက ငွေကြေးစိုက်ထုတ်ပံ့ပိုးမလဲ ၊ မဲခေါင်မြစ်ရေ စီးဆင်းမှုကိုရောကို ဘယ်လောက်ထိ သက်ရောက်မှုရှိလာမလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရဘက်က ထုတ်ပြန်ချက် တစ်စုံတစ်ရာမရှိတဲ့အတွက် စီမံကိန်းဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက် ဒေသခံတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေပါတယ်။

ကမ္ဘောဒီးယား အစိုးရကတော့ အဲဒီ စီမံကိန်းအတွက် ကုန်ကျတဲ့ ငွေကြေးထက် ၃၀ ရာခိုင်နှုန်းလောက်ထိ ပိုမိုတန်ကြေးရှိတဲ့ စီးပွားရေးခွင်တွေကို ဖြစ်ထွန်းစေပြီး အလုပ်အကိုင်နေရာ ထောင်ပေါင်းများစွာကို ဖန်တီးပေး လိမ့်မယ်လို့ ပြောပါတယ်။
ဒါကြောင့် အဲဒီ တူးမြောင်းစီမံကိန်းဟာ နိုင်ငံကို အသက်ရှူပေါက်ပေးမဲ့ နှာခေါင်းပေါက်အဖြစ် ကမ္ဘောဒီးယားအစိုးရက တင်စား ပြောဆိုထားပြီး ဩဂုတ်လ (၅)ရက်နေ့မှာ ကျရောက်မဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်ပြီး စီမံကိန်း တရားဝင်စတင်တဲ့ အခမ်းအနားကို ကျင်းပဖို့ စီစဉ်ထားပါတယ်။