မကြာမီအချိန် ဈေးကွက်အတွင်းမှာ Grok 3 chatbot အသစ် စတင်ဖြန့်ချိတော့မှာဖြစ်ကြောင်း Elon Musk ပြောကြားထားတာကို Reuters သတင်းမှာဖော်ပြထားပါတယ်။

ဒါဟာ Elon Musk ရဲ့ ဉာဏ်ရည်တု ခြေလှမ်းအသစ် စတင်ခြင်း ဖြစ်သလို “ ကမ္ဘာပေါ်မှာ စမတ်အကျဆုံး AI” မော်ဒယ်တစ်မျိုးလည်းဖြစ်လာမယ်လို့ သူကခန့်မှန်းထားပါတယ်။

Musk က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဒူဘိုင်းမှာကျင်းပတဲ့ ကမ္ဘာ့အစိုးရထိပ်သီးအစည်းအဝေး ဗီဒီယိုကွန်ဖရင့်တစ်ခုအတွင်း Grok 3 chatbot ကို မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး ဒီကနေ့ အချိန်အထိထွက်ရှိထားတဲ့ AI မော်ဒယ်တွေကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မော်ဒယ်က ပေါင်းစပ်ဒေတာကို လေ့ကျင့်သင်ကြားထားပြီး ပြုလုပ်မိတဲ့အမှားတွေကို ပြန်လည် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိတယ်လို့ Musk ကပြောကြားထားပါတယ်။

Grok 3 မိတ်ဆက်မှုဟာ ပိုမိုခေတ်မီပြီး စျေးသက်တဲ့ AI chatbot တွေကို နိုင်ငံတကာက အပြိုင်အဆိုင်မိတ်ဆက်နေချိန်မှာထွက်ပေါ်လာမှာလည်းဖြစ်ပါတယ်။ ChatGPT နဲ့ တန်းတူ မော်ဒယ်တွေကို ယှဉ်ပြိုင်နိုင်မှာဖြစ်သလို ဈေးကွက်လွှမ်းမိုးထားနိုင်တဲ့ တရုတ် DeepSeek ကိုကျော်လွှားနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားတစ်ခုမှာရှိနေပါတယ်။