မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးစကားပြောဆိုပြီးတဲ့နောက်မှာ အဲဒီနိုင်ငံတွေအပေါ် ချမှတ်မဲ့ သွင်းကုန်ခွန်စည်းကြပ်မှုကို ဆိုင်းငံ့ထားလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာ လိုက်ပါတယ်။ ဒါဟာ အဲဒီနှစ်နိုင်ငံအပေါ် သွင်းကုန်ခွန် (၂၅)ရာခိုင်နှုန်းချမှတ်မှု အကျိုးသက်ရောက်ဖို့ နာရီပိုင်း အလိုမှာ အခုလို ဆိုင်းငံ့ပေးထားလိုက်တာပါ။

ထရမ့်က တရုတ်နိုင်ငံနဲ့လည်း မကြာခင်မှာ စကားပြောသွားမယ်လို့ တနင်္လာနေ့က ထုတ်ဖော်ပြောဆိုထားပါတယ်။ သမ္မတထရမ့်က မက္ကဆီကိုနဲ့ ကနေဒါကနေ လာတဲ့ သွင်းကုန်တွေ အပေါ် ကုန်စည်ခွန် (၂၅)ရာခိုင်နှုန်း စည်းကြပ်ဖို့နဲ့ တရုတ်ကုန်စည်တွေကိုလည်း ထပ်တိုးအခွန် (၁၀)ရာခိုင်နှုန်း စည်းကြပ်ဖို့ ပြီးခဲ့တဲ့ စနေနေ့က ကြေညာထားခဲ့တာပါ။ မက္ကဆီကိုသမ္မတ ကလောဒီယာ ရှိန်းဘွန်းနဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးတို့က အမေရိကန်နယ်ခြားဒေသမှာ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်မှုနဲ့ မူးယစ် ဆေးဝါး မှောင်ခိုဝင်ရောက်မှုကို တားဆီးရာမှာ ပါဝင်ကူညီဖို့ ကတိပြုတဲ့နောက် ထရမ့်က အခွန်စည်းကြပ်မှုကို ဆိုင်းငံ့ခဲ့တာပါ။

မက္ကဆီကိုက အမေရိကန်နယ်ခြားဒေသ လုံခြုံရေးကို ကူညီအားဖြည့်ဖို့အတွက် မက္ကဆီကို-အမေရိကန် နယ်စပ်ဆီ တပ်ဖွဲ့ဝင် တစ်သောင်း စေလွှတ်ဖို့ သဘောတူလိုက်ပါတယ်။ ထရမ့်နဲ့ စကားပြောဆို ပြီးနောက် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးကလည်း ကနေဒါအနေနဲ့ အရင်ကတည်းက ကြေညာထား ပြီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ (၁ ဒဿမ ၃) ဘီလီယံတန် နယ်စပ်အစီအမံကို အကောင်အထည်ဖော်မှာ ဖြစ်တဲ့အပြင် ဖန်တနိုင်းလ် ဆေးဝါးကိစ္စကို ကိုင်တွယ်နှိမ်နင်းမဲ့ “ဖန်တနိုင်းလ် ဇာ” ခန့်အပ်တာနဲ့ မူးယစ်ဂိုဏ်း တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာတွေ ဆောင်ရွက်သွားမယ်လို့ ပြောလိုက်ပါတယ်။